ပီအက်စ်ဂျီအသင်းဟာ ဘရာဇီးတိုက်စစ်မှူးနေမာကို ဆော်ဒီကလပ် အဲလ်ဟီလေအသင်းထံ ရောင်းချဖို့ သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ နေမာကို ပြောင်းရွှေ့ကြေး ပေါင် ၇၇.၆ သန်းအပြင် အပိုထပ်ဆောင်းကြေးနဲ့ ရောင်းထုတ်ဖို့ သဘောတူညီခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အသက် ၃၁ နှစ်အရွယ် နေမာဟာ ၂၀၁၇ ခုနှစ်က ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ ပေါင်သန်း ၂၀၀ နဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ၇ နှစ်ကြာကစားခဲ့ပြီးနောက် ယခုရာသီမတင်ခင်မှာ အသင်းပြောင်းရွှေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပြီးခဲ့တဲ့ရာသီကုန်က အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီနဲ့လမ်းခွဲခဲ့သလို အခုအခါမှာလည်း နေမာနဲ့လမ်းခွဲတော့မှာဖြစ်လို့ နည်းပြသစ် လူး၀စ္စအန်းနရစ်လက်ထက်မှာ ကြယ်စင်စုအသင်းတည်ထောင်မယ့် မူဝါဒ ပြောင်းလဲသွားပြီလားလို့ မေးခွန်းထုတ်စရာတွေဖြစ်လာခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းမှာ တစ်နှစ်လုပ်ခလစာ ပေါင် ၂၁.၆ သန်းအထိ ရရှိခဲ့တဲ့ နေမာဟာ အသင်းသစ်ဖြစ်တဲ့ ဆော်ဒီကလပ် အဲလ်ဟီလေအသင်းမှာတော့ တစ်နှစ်လုပ်ခလစာ ပေါင် ၁၂၉ သန်း အထိ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ နေမာဟာ ပီအက်စ်ဂျီအသင်းမှာ ကစားခဲ့တဲ့ ၇ နှစ်တာကာလအတွင်း ပြင်သစ်လီဂူးဆုဖလား ၅ လုံးအပါအဝင် စုစုပေါင်း ဆုဖလား ၁၃ လုံးအထိ ရယူပေးနိုင်ခဲ့သူဖြစ်ပါတယ်။
Era’sEye\SportNews