မန္တလေးမြို့မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး မီးရှို့တာတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ရှောင်တွေကို NUG က အကူအညီတွေ ထောက်ပံ့ပေးခဲ့တယ်လို့ ဩဂုတ်လ (၁၄)ရက်နေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
မန္တလေးတိုင်းရှိ သပိတ်ကျင်းမြို့၊ စဉ့်ကူးမြို့၊ မတ္တရာမြို့၊ မလှိုင်မြို့နဲ့ မြင်းခြံမြို့တို့မှာ စစ်တပ်ရဲ့ စစ်ကြောင်းထိုး လှည့်လည်မီးရှို့ဖျက်ဆီးတာတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဲ့ဒီမြို့နယ်တွေမှာ ဇွန်လကနေ ဩဂုတ်လအထိ (၃)လတာကာလအတွင်း ထောက်ပံ့ငွေ(၂၂,၇၂၁.၀၀၀)ကျပ်ကို စားနပ်ရိက္ခာတွေအတွက် ထောက်ပံ့ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
အခုလို ထောက်ပံ့ကူညီတာတွေထဲမှာ စစ်ဘေးရှောင်ပြည်သူတွေအပြင် ထိခိုက်ဒဏ်ရာရရှိသူတွေ၊ ကျဆုံး(ပြည်သူ/ရဲဘော်)တွေ၊ CDMer သူရဲကောင်းတွေနဲ့ မတရားဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
မန္တလေးတိုင်းအတွင်း ထောက်ပံ့ကူညီတာတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ၊ လူသားစာနာတာဝန်ခံတွေ၊ သပိတ်အင်အားစုတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းကူညီမှုနဲ့ ချိတ်ဆက်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
#Era’sEye /News