စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ငါးပတ်ချောင်းရွာကို ဒီနေ့နေ့လယ်ပိုင်းမှာ စစ်ကောင်စီက စစ်ကြောင်းထိုးနေလို့ အနီးဝန်းကျင် ကျေးရွာ ၁၁ ရွာကပြည်သူ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ ဧရာဝတီမြစ်ကမ်းဘေးက ငါးပတ်ချောင်းရွာကို ရုတ်တရက် ဝင်ရောက်ပစ်ခတ်တဲ့ အင်အား ၄၀ ပါ စစ်ကြောင်းဟာ ရှိမ်းမကားကနေ သံခွန်သင်္ဘောနဲ့ ဆန်တက်လာပြီး ရွာသာယာရွာက ပျူစောထီးတွေနဲ့ ပူးပေါင်းပြီးတော့ အခုလို စစ်ကြောင်းထိုးတာလို့ သိရပါတယ်။
အဲ့ဒီလို ရုတ်တရက် စစ်ကြောင်းဝင်လာလို့ ငါးပတ်ချောင်းကျေးရွာ အပါအဝင် မြေနု၊ ဆင်ကျွန်း၊ စီပင်ကျွန်း၊ ရွာသစ်ကုန်း၊ ဟင်္သာကြီး၊ သစ်ဆိမ့်၊ ကူကြီး၊ သရက်ပင်စု၊ လှေပို့ဆိပ်၊ ရွာသစ် စတဲ့ကျေးရွာတွေက ပြည်သူ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ဆိုပါတယ်။
ငါးပတ်ချောင်းရွာကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်ကလည်း စစ်ကြောင်းထိုး ဝင်ပြီး မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ၄၀၀ ရှိတဲ့အထဲ က ၁၂၀ ကျော် မီးလောင်ပြာကျခဲ့ပါသေးတယ်။
Era’s Eye\ News