ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်မှာ လီဗာပူးအသင်းကို တစ်ဂိုးစီသရေကျခဲ့တဲ့ ချဲလ်ဆီးအသင်းဟာ တနင်္ဂနွေနေ့ညက ရင်ဆိုင်ကစားခဲ့တဲ့ ပွဲစဉ် ၂ မှာတော့ တစ်ယောက်လျော့ဝက်စ်ဟမ်းအသင်းကို ၃ ဂိုး၊ ၁ ဂိုးနဲ့ အရေးနိမ့်ပြီး နှစ်ပွဲဆက် နိုင်ပွဲပျောက်ခဲ့ရပါတယ်။
ချဲလ်ဆီးအသင်းဟာ အခုပွဲမှာလည်း တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆီကို အထောင်ထားပြီး စတာလင်း၊ ချူကူမီကာ၊ အန်ဇိုဖာနန်ဒက်စ်၊ ဂတ်စတို စတဲ့ကစားသမားတွေနဲ့ ပွဲထွက်ရင်ဆိုင်ခဲ့ပေမယ့် ပွဲအစ ၇ မိနစ်မှာတင် ဝက်စ်ဟမ်းနောက်ခံလူ အဂတ်ရဲ့ ခေါင်းတိုက်ဂိုးကြောင့် ဦးဆောင်ဂိုးစပေးခဲ့ရပါတယ်။
ဦးဆောင်ဂိုးစပေးလိုက်ရပေမယ့် ချဲလ်ဆီးက ကစားပုံအကောင်းဆုံးပုံစံမရှိပေမယ့် ပွဲချိန် ၂၆ မိနစ်မှာ ချူကူမီကာက ချေပဂိုးပြန်သွင်းယူနိုင်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းအနေနဲ့ ပွဲချိန်ပထမပိုင်းမှာပဲ ဒုတိယဂိုးရမယ့် အခွင့်အရေးအဖြစ် ပင်နယ်တီရရှိခဲ့ပေမယ့် ကွင်းလယ်လူ အန်ဇိုဖာနန်ဒက်စ် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့လို့ ပွဲချိန် ပထမပိုင်းအပြီး တစ်ဂိုးစီသရေကျနေခဲ့တာပါ။
ဒါပေမယ့် ဒုတိယပိုင်းအစ ပွဲချိန် ၅၃ မိနစ်မှာပဲ အန်တိုနီယိုရဲ့ အဝေးကန်ချက်ကနေ အိမ်ရှင်ဝက်စ်ဟမ်းအသင်း ဒုတိယဦးဆောင်ဂိုးရရှိခဲ့ပါတယ်။
ပွဲချိန် ၆၇ မိနစ်မှာ ဝက်စ်ဟမ်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့တဲ့ နောက်ခံလူ အဂတ် နှစ်ဝါ၊ တစ်နီကြောင့် အထုတ်ခံခဲ့ရပါတယ်။
တစ်ယောက်အသာရသွားတဲ့ ချဲလ်ဆီးဟာ ပြန်လည်ချေပဖို့ ကြိုးစားခဲ့ပေမယ့်လည်း တိုက်စစ်ကစားသမားတွေ ဂိုးပေါက်ပျောက်ဆုံးနေခဲ့လို့ ဂိုးမရခဲ့ပါဘူး။
ပွဲချိန်မိနစ် ၉၀ အပြီး နာကျင်အချိန်ပိုမှာ ချဲလ်ဆီးကစားသမားသစ် ကိုင်စီဒိုကြောင့် ဝက်စ်ဟမ်းအသင်း ပင်နယ်တီရရှိခဲ့ပြီး ဘရာဇီးကွင်းလယ်လူ ပါကေတာက ကန်သွင်းယူခဲ့လို့ ဝက်စ်ဟမ်းအသင်း နိုင်ပွဲရရှိပြီး ချဲလ်ဆီးအသင်း ရာသီအစ နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။