မုံရွာမြို့နယ်အတွင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးအား ဓါးပြတိုက်သတ်ဖြတ်ခဲ့သူ (၇) ဦးကို NUG တရားရုံးမှာ တရားစွဲဆို တင်ပို့ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဩဂုတ်လ (၁၀) ရက်နေ့က မုံရွာမြို့နယ်အတွင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး မအေးငြိမ်းသူ ခေါ် သဲသဲအား သတ်ဖြတ်ကာ ဓါးပြတိုက်ခဲ့တဲ့ အမျိုးသား (၇) ဦးကို တရားစွဲဆိုခဲ့တဲ့အပေါ် ဩဂုတ်လ (၂၃) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ပြစ်မှုကျူးလွန်သူ (၇) ဦးကို မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က အမှုတည်ဆောက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ တရားရုံးမှာ ရာဇသတ်ကြီးပုဒ်မ ၃၉၅/၃၉၆/၃၉၇ အရ တရားစွဲဆိုတင်ပို့ခဲ့ပြီး ရာဇဝတ်ကြီးအမှုအမှတ် ၂၉/၂၀၂၃ နဲ့ အရေးယူထားတယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်ခဲ့သူ (၇) ဦးမှာ ကျွဲကြီး (ခ) ဘိုငွေ၊ ပြုံးကြီး (ခ)ကျော်စိုးထွန်း၊ အောင်ကြီး (ခ) အောင်မြင့်ခိုင်၊ ဘဂျမ်း (ခ) ကျော်သူစံ၊ တက်တူး (ခ) မိုးမင်းထက်၊ ကရင် (ခ) အောင်ဆန်းဦးနဲ့ ကျားလေး (ခ) ဝင်းမင်းထက်တို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခင်းဖြစ်ပွားပြီးတဲ့နောက် မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က မြေပြင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လက်ရဖမ်းဆီးနိုင်ရန် ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူ (၇) ဦးကို နေ့တွင်းချင်း ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။