မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ BGF ကားတစ်စီး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ Kyaikhto Revolution Force (KRF) ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီကနေ့ ဩဂုတ်လ (၂၄)ရက် မနက် (၇)နာရီခွဲအချိန်က ကျိုက်ထိုမြို့နယ်၊ ကော့ထင်းရွာနဲ့ ဘိုရားကြီးရွာကြားရှိ တာဘောင်တံတားမှာ နယ်ခြားစောင့်တပ်ဖွဲ့(BGF) ဗိုလ်၀င်းစိုးနဲ့ အမျိုးသမီးတစ်ဦး မောင်းနှင်လာတဲ့ Mark 2 ကား စောင့်ကြိုပစ်ခတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခံရတာကြောင့် ကားဟာ လမ်းဘေးသို့ထိုးကျခဲ့ပြီး (၂)ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ကာ သေဆုံးသူထံက သေနတ် (၂)လက်၊ ဖုန်း၊ BGF တပ်ဖွဲ့ဝင် စိစစ်ရေးကတ်၊ မှတ်ပုံတင်နဲ့ ယာဉ်မောင်းလိုင်စင်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ ဗိုလ်ဝင်းစိုးဟာ ကိုယ်တိုင် လောင်းကစားဝိုင်းတွေထောင်ပြီး သတင်းပေးကာ ပြန်ဖမ်းခိုင်းသလို တရားမဝင် ကားမှောင်ခိုလုပ်ငန်းလုပ်ကိုင်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်းကာ သောင်နုမြေ ဧက (၃၀၀) ကို သိမ်းယူခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့ပြင် ရွာသားတွေထံက လယ်မြေတွေကို ဈေးနှိမ်ဝယ်ယူတာ၊ ရွာတွေကို လျှပ်စစ်မီး ဖြတ်တောက်တာနဲ့ မီတာခရရှိအောင်ဆောင်ရွက်ပေးတာအပြင် သတင်းထောက်လှမ်း ဖမ်းဆီးတာတွေရှိတယ်လို့ ရေးသားထားပါတယ်။
အခုလို BGF ကားကို စောင့်ကြိုပစ်ခတ်ခဲ့တာဟာ KRF နဲ့ ဝေါပကဖတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ လက်ပါးစေတွေ၊ သတင်းပေးဒလန်တွေနဲ့ ဒေါက်တိုင်တွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ အသိပေးပြောဆိုထားချက်အရ သိရပါတယ်။