ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း (၁၈)၊ Cloud Wings ဒရုန်းတပ်ဖွဲ့နဲ့ Special Operation Group တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ရဲ့ မြို့ဝင်လုံခြုံရေး၊ အာရှလမ်းပိုင်းလုံခြုံရေးများ ဆောင်ရွက်ပေးနေတဲ့ ကော့ကရိတ်မြို့အဝင် အာရှလမ်းမဘေးရှိ ဆောက်လက်စဆီဆိုင်ဝန်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းနှင့် ကော့နွဲ့ကျေးရွာတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းတွေကို ဩဂုတ်လ၊ (၂၆) ရက်နေ့ မနက် ၈ နာရီ ၂၀ မိနစ်နဲ့ မနက် ၉နာရီခွဲခန့်လောက်မှာ ၁၀၇ မမ ဗုံးသီး၊ ၆၀ မမ ဗုံးသီးများ အသုံးပြုကာ တိုက်ခိုက်ခဲ့တယ်လို့ မနေ့က ဩဂုတ်လ (၂၇) ရက်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရှိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် တပ်စွဲထားတဲ့စခန်းတွေက စစ်ကောင်စီတပ်သား (၅) ဦးလောက် သေဆုံးပြီး (၁၀) ဦးလောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်က ၁၂၀ မမ၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ အလုံး (၅၀)ထက်မနည်း နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ရွာသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
KNLA၊ Cloud Wings ၊ SOG ပူးပေါင်းတပ်ဘက်မှာတော့ ထိခိုက်မှု၊ ဆုံးရှုံးမှုတွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ကော့ကရိတ်မြို့နယ်က အစပြုပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ ဝန်ထမ်းတွေရဲ့ ဒေသခံပြည်သူများအပေါ် ဥပဒေမဲ့ ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်မှုတွေကို အမြစ်ဖြတ် ချေမှုန်းသွားမယ်လို့လည်း ပြောကြားထားပါတယ်။
Era’sEye\News