မြ၀တီမြို့က စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတွေနဲ့ မိသားစုတွေ သက်ဆိုင်ရာဌာနရုံးတွေနဲ့ ဝန်ထမ်းအိမ်ရာတွေကနေ စွန့်ခွာဖယ်ရှားကြဖို့ Federal Wings ရဲ့ သတိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြဝတီမြို့ရှိ ခရိုင်ရဲစခန်းနဲ့ ထွေ/အုပ်ရုံးတွေ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရပြီးနောက် စက်တင်ဘာလ (၄)ရက်နေ့မှာ Federal Wings က အခုလို သတိပေးထုတ်ပြန်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေကို တော်လှန်တိုက်ခိုက်ရာမှာ လက်နက်ကိုင်ထားသူတွေကိုသာ ထိခိုက်စေဖို့ ရည်ရွယ်တာကြောင့် ဝန်ထမ်းတွေနဲ့ မိသားစုတွေကို ထွက်ခွာကြဖို့ သတိပေးတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
မလိုလားအပ်တဲ့ ဘေးထွက်ထိခိုက်မှုတွေကနေ ရှောင်ရှားနိုင်ဖို့အတွက် မြဝတီမြို့မှာနေထိုင်တဲ့ ပြည်သူတွေအနေနဲ့လည်း စစ်ကောင်စီတပ်စွဲထားတဲ့ ရုံးတွေ၊ တပ်စခန်းတွေနဲ့ ဝေးရာအရပ်ကို ရွှေ့ပြောင်းနေထိုင်ဖို့ မေတ္တာရပ်ခံထားပါတယ်။
မြဝတီ ထွေ/အုပ်ရုံးနဲ့ ရဲစခန်းတွေကို စက်တင်ဘာလ (၃)ရက်နေ့ ညနေပိုင်းအချိန်က KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဖြစ်တဲ့ ကော်ဘရာစစ်ကြောင်း စီမံခန့်ခွဲမှုလက်အောက်ခံ Federal Wings ဒရုန်းတပ်ဖွဲ့က (၂) ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။