G-20 အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လျက်ရှိတဲ့ အခြေအနေတွေနဲ့စပ်လျဉ်းပြီး ထည့်သွင်းစဉ်းစားပေးဖို့ NUG က ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာလ (၉) ရက်နေ့မှ (၁၀) ရက်နေ့အထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးနဲ့စပ်လျဉ်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ စက်တင်ဘာလ (၆) ရက်မှာ ထုတ်ပြန်ထားတာပါ။
မြန်မာ့အကျပ်အတည်းက G-20 အဖွဲ့ဝင်နိုင်ငံအားလုံးမှာ သိသာထင်ရှားတဲ့ ဘေးဥပါဒ်နဲ့ နိုင်ငံရေးလုံခြုံရေးမှု ခြိမ်းခြောက်တာတွေ ဖြစ်ပေါ်စေတဲ့အတွက် အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကို လျစ်လျူရှုမထားသင့်ကြောင်း ပြောဆိုထားပါတယ်။
မြန်မာ့အကျပ်အတည်းကို တစ်ချီတည်း အပြီးသတ်ဖြေရှင်းနိုင်ဖို့အတွက် G-20 အဖွဲ့အနေနဲ့ မြန်မာစစ်တပ်က ပြည်သူလူထုအပေါ် အကြမ်းဖက်တာတွေ ကျူးလွန်နေတာကို ချက်ခြင်းရပ်တန့်ရေး တောင်းဆိုဖို့ ရေးသားထားပါတယ်။
ဒါ့ပြင် မြန်မာစစ်တပ်အား လက်နက်နဲ့ လေယာဉ်လောင်စာဆီတွေ ထောက်ပံ့၊ ရောင်းချနေတာတွေကို အဆုံးသတ်ဖို့အပါအဝင် ငွေကြေးပံ့ပို့ပေးနေတဲ့ အခရာကျတဲ့ အဖွဲ့အစည်းတွေရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ လုပ်ဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။
နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို ဖြေရှင်းနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ၎င်းရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို နည်းပညာနဲ့ စွမ်းရည်မြှင့်တင်ရေးတို့မှာ အကူအညီတွေ ပေးအပ်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။