ပဲခူးမြို့ပေါ်ကို မြစ်ရေ ဒုတိယအကြိမ် ပြန်တက်လာပြီး မြို့တွင်း မြေအနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်နေတာကြောင့် ကယ်ဆယ်ရေးစခန်းတွေ ပြန်ပြင်ထားရတယ်လို့ သိရပါတယ်။
စက်တင်ဘာလ (၁၅) ရက်နေ့ ဒီမနက်အစောပိုင်းကစတင်ပြီး ပဲခူးမြစ်ရေပြန်တက်လာတာဖြစ်ပြီး အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ဖောင်တော်ဦး၊ ကျောက်ကြီးစု အပါအဝင် ရပ်ကွက် ၅ ခုလောက်မှာ ရေက ၂ ပေကျော်လောက် တက်လာပြီလို့ ဆိုပါတယ်။
ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေမှတ်ဟာ ၈၈၀ စင်တီမီတာဖြစ်ပြီး ဒီနေ့မနက် တိုင်းထွာချက်အရ ၈၅၈ စင်တီမီတာကို ကျော်နေတာပါ။ လက်ရှိမှာတော့ ကယ်ဆယ်ရေးစခန်း ၂၀ နီးပါး ပြင်ဆင်ထားပြီး ရွှေ့ပြောင်းလာမယ့် ရေဘေးရှောင်တွေကို ထားရှိသွားဖို့ရှိတယ်လို့ သိရပါတယ်။