အမှတ် (၁) စစ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရှမ်းမြောက်တို့မှာ ဩဂုတ်လထဲ တိုက်ပွဲပေါင်း (၄၃၀) ကြိမ် ဖြစ်ပွားခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ (၂၁) ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လထဲ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၃၀) ဦးသေဆုံးပြီး (၄၅၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း တော်လှန်ရေးရဲဘော် (၁၈) ဦး ကျဆုံးခဲ့ပြီး (၅၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီထံက လက်နက်မျိုးစုံ (၈) လက်၊ ဒရုန်း (၄) စီးအပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ပွဲတွေကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေက ဆင်နွှဲခဲ့တာ ဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
တိုက်ပွဲတွေမှာ တော်လှန်ရေးတပ်ဘက်က ပစ်ခတ်တိုက်ခိုက်တာ (၁၈၉) ကြိမ်ရှိခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်တာ (၁၁၁) ကြိမ်၊ ထိတွေ့တိုက်ပွဲ (၆၅) ကြိမ်နဲ့ ဒရုန်းနဲ့တိုက်ခိုက်တာ (၅၆) ကြိမ်တို့ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။