ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ရင်း စစ်ကြောင်းမှူး “ ကာဗြေလယ်” ဟာ တိုင်း ပြည်နဲ့ လူမျိုးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ ကရင်နီအမျိုးအသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း (၅) က ဒီကနေ့ ထုတ်ပြန်ထားပါတယ်။
KNDF တပ်ရင်းအမှတ် (၅) နဲ့ ပူးတွဲပြီး ကရင်နီတပ်ပေါင်းစု ကွန်မန်ဒိုမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့ ဖော်ပြထားပြီး ဖရူဆိုမြို့နယ်၊ ထားလဲကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ စက်တင်ဘာလ (၂၇) ရက်က ထိတွေ့တိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ရတာ ဖြစ်တယ်လို့ဆိုပါတယ်။
ဖရူဆိုမြို့နယ် ထားလဲနှင့် ဘောလခဲမြို့နယ် နန်းဖဲကျေးရွာ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားသေဆုံးမှုနဲ့ လက်နက်တွေ ရရှိထားပေမဲ့ အသေးစိတ်အချက်အလက်ကိုတော့ စစ်ရေးအခြေ အနေအရ KNDF က ထုတ်ပြန်ခြင်းမရှိသေးပါဘူး။
စစ်ကောင်စီတပ်ဟာ ဆုံးရှုံးသွားတဲ့ မယ်စဲ့မြို့ ပြန်လည်ရရှိရေးအတွက် ကုန်းကြောင်း၊ လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့ပေမဲ့ ရည်ရွယ်ချက်မအောင်မြင်တဲ့အခါ ဘောလခဲမြို့ကို စစ်ကူအများအပြားပို့ကာ လွိုင်ကော်မှတဆင့် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးအတိုင် းကားအစီးရေ ၁၀၀ ကျော်ပါ စစ်ကောင်စီယာဥ်တန်းဖြင့် စေလွှတ်ရာ နှစ်လနီးပါးကြာလာတဲ့တိုင် ယာဥ်တန်းမှာ ဘောလခဲမြို့ကို မရောက်သေးဘဲ ဖရူဆိုမြို့မှာပဲ ရှိနေတာ ဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေ က အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ပြီး ဒီးမော့ဆိုနဲ့ ဖရူဆို စစ်မျက်နှာမှာ တိုက်ပွဲအကြိမ်ရေ (၄၀) ကျော်ဖြစ်ပွားခဲ့ပါတယ်။