မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတောမြောက်စုကို စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ် ယာဉ် တန်းကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက သုံးရက်ဆက်တိုက် ရော့ကတ်တွေနဲ့ပစ်ခတ်ပြီး ဒရုန်းနဲ့ပါ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် ပကဖထံမှ သိရပါတယ်။
အဲ့ဒီစစ်ယာဉ်တန်းဟာ အစီး ၇၀ ဝန်းကျင်နဲ့ ပခုက္ကူမြို့ကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်လောက် ကတည်းက ထွက်လာခဲ့ပြီး ၃ ရက်တိုင်တိုင် ပေါက်နဲ့ မြိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“ စစ်သားအင်အား ၆၀ ကျော်လောက်က အုန်းတောမြောက်စုရွာကို မီးရှို့ ခဲ့လို့ ဒေသခံတွေဘေးလွတ်ရာကို ထွက် ပြေးခဲ့ရတာ။ ပြီးတော့ အောက်တိုဘာ ၆ ရက်ကနေ ၈ ရက်အထိ လက်နက်ကြီးတွေနဲ့ နှစ်ဘက်အပြန်အလှန်ပစ် ခတ်ခဲ့တာ သူတို့ဘက်က ၂ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်” လို့လည်း ဒေသတွင်းတော်လှန်ရေးတာဝန်ရှိ သူတစ်ဦးကလည်း ပြောပါတယ်။
သုံးရက် ဆက်တိုက် တိုက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဘက်ကလည်း ဒရုန်း အကြီး ၁ စီးနဲ့ မောင်းသူမဲ့လေယာဉ် ၂ စီးဆုံးရှုံးခဲ့ပြီး စစ်ကောင်စီယာဉ်တန်း အစီး ၂၀ ကတော့ အောက်တိုဘာ ၈ ရက်မှာ ပေါက် မြို့ထဲဝင်သွားခဲ့ပြီး ကျန်အစီးတွေကတော့ ပေါက်မြို့နယ်ထဲက ယာကြီးပြင်တံတားအနီးအနားမှာ ရှိနေတယ်လို့ လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုကို မြိုင်ပကဖ ၊ ပေါက်ဗိုလ်တစ္ဆေ၊ ပေါက် ပကဖအဖွဲ့ဝင်တွေ အညာမြေ ပျောက်ကျားတပ်ဖွဲ့၊ Scorpion တပ်ဖွဲ့၊ BBF အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။