ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ အာဏာသိမ်းစစ်ကောင်စီပိုင် မြန်မာဘီယာစက်ရုံကို (၁၀၇) မမရှော့တိုက်ဒုံး နှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Urban Special Operation(U.S.O)မှထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုကို အောက်တိုဘာ ၁၂ ရက် ည ၇ နာရီခန့်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီရဲ့ စီးပွာရေး ဒေါက်တိုင်ဖြစ်သလို၊ ပြည်သူတွေကို မတရားခြိမ်းခြောက် ဘီယာရောင်းချနေတာကြောင့် ပြည်သူ့ဘက်တော်သား အတွင်းဖရဲသီး သတင်းပေး ပူးပေါင်းကူညီမှုနဲ့ တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ ဖိအားပေးရောင်းချခိုင်းတာမျိုးတွေ သတင်းမှာတက်လာတာတွေလည်း တွေ့လာရတယ်။ အထိ အခိုက်အကျအဆုံးရှိနိုင်တယ်။ အတွင်းထဲကို လူနာတင်ယာဉ် နှစ်စီးဝင်သွားတယ်” လို့ Urban Special Operation(U.S.O) မှပြောပါတယ်။
စစ်ဆင်ရေးကို ရန်ကုန်မြို့မှာ အဓိကဖော်ဆောင်နေတာဖြစ်ပြီး မြို့ပြအထူးစစ်ဆင်ရေး လုပ်ဆောင်မယ့်အကြောင်းကို စက်တင်ဘာ ၁၅ ရက်ကကြေညာခဲ့ပြီးနောက် စတုတ္ထမြောက်ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူတွေ အနေနဲ့ ရန်သူ့နဲ့အဝေးမှာနေပေးကြဖို့ဒါပြင် ရန်သူ့စီးပွားရေးနေရာတွေနဲ့ ဝေးဝေးနေပေးခြင်းဖြင့်ကူညီပေးကြဖို့ကိုလည်း U.S.O ကထုတ်ပြန်ချက်မှာတိုက်တွန်း ထားပါတယ်။