စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က စစ်ရှောင်ပြည်သူတွေကို စားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ်လွတ်လပ်သောထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။
ပေါက်ကန်ရွာမ၊ ပေါက်ကန်ဘူတာအနီးကဒေသခံတချို့၊ ညောင်ပင်ကြီးတော၊ ဇီးဖြူကုန်း၊ ကန်ရွာ စတဲ့ရွာတွေက နေအိမ်မီးရှို့ခံထားရတဲ့ ဒေသခံ ၁၅၀ ကျော်အတွက် ဆန်၊ ဆီ၊ ကြက်သွန်၊ ခေါက်ဆွဲခြောက် စတဲ့စားနပ်ရိက္ခာတွေ ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။
ပေါက်ကန်ကျေးရွာအနီး မန္တလေး-မြစ်ကြီးနားရထားလမ်းပိုင်း ပြုပြင်နေတဲ့ စစ်တပ်က အနီးနားကျေးရွာတွေကိုပါ စစ်ကြောင်းထိုးတာမို့ ပေါက်ကန်အပါ အဝင် ၇ ရွာထက်မနည်းက ဒေသခံ ၁,၀၀၀ ကျော်ဟာ စစ်ရှောင်နေရတာ တစ်လကျော်ရှိနေပြီ ဖြစ်ပါတယ်။
စက်တင်ဘာလ ၆ ရက်ကတည်းက ပေါက်ကန်ဘူတာအနီး စစ်ကောင်စီတပ်က ရထားလမ်းလုံခြုံရေးပေးဖို့အတွက် ရောက်ရှိနေပြီး ဒေသခံနေအိမ်တွေကိုမီးရှို့တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။