အမှတ်(၁)စစ်ဒေသမှာ စက်တင်ဘာလအတွင်းက တိုက်ပွဲပေါင်း (၃၂၃)ကြိမ် ဖြစ်ပွားခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
အမှတ်(၁)စစ်ဒေသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့မှာ တိုက်ပွဲ (၃၂၃)ကြိမ်ဖြစ်ပွားကာ တော်လှန်ရေးရဲဘော်တွေဘက် ပစ်ခတ်တိုက်ခိုက်မှု အများဆုံးရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က (၁၇၅)ဦးသေဆုံးပြီး (၃၀၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တော်လှန်ရေးရဲဘော် (၄၂)ဦးကျဆုံးပြီး (၂၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
တိုက်ပွဲဖြစ်စဉ်အတွင်း ပစ်ခတ်တိုက်ခိုက်မှု (၁၄၅)ကြိမ်ရှိကာ ဒရုန်းနဲ့တိုက်ခိုက်မှု (၅၅)ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု (၅၅)ကြိမ်နဲ့ ထိတွေ့တိုက်ပွဲ (၅၇)ကြိမ်တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်ခဲ့မှုဟာ (၅)ကြိမ်ရှိခဲ့ပြီး ဒရုန်းနဲ့တိုက်ခိုက်မှု (၆)ကြိမ်ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
အဲ့ဒီနောက် စစ်ကောင်စီတပ်ဘက်က လက်နက်မျိုးစုံ (၄၆)လက်အပါအဝင် ခဲယမ်းမီးကျောက် အများအပြား သိမ်းဆည်းရမိခဲ့ကာ PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေက ဆင်နွှဲခဲ့ကြတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။