၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်၊ ခေတ်မျက်လုံး။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ ည (၁၀) နာရီကနေ နံနက် (၄) နာရီခွဲအထိ ညမထွက်ရအမိန့်ကို အောက်တိုဘာလ (၂၉) ရက်နေ့ရက်စွဲနဲ့ ကိုးကန့်ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဘက်က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
လောက်ကိုင်မြို့မှာ အခြေအနေတွေ ရှုပ်ထွေးနေတာကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားတာဖြစ်ပြီး အဲ့ဒီအချိန်တွေမှာ ဒေသခံပြည်သူတွေ နေအိမ် တံခါး၀၊ လမ်းမပေါ်၊ လမ်းမကြီးနဲ့ လမ်းသွယ်တွေကြား အပြင်ကို သွားလာတာမလုပ်ဖို့ တားမြစ်ထားပါတယ်။
ညမထွက်ရအချိန်မှာ ဒေသခံပြည်သူတွေ အရေးပေါ်အခြေအနေတွေ ကြုံတွေ့ရပါက သက်ဆိုင်ရာတာ၀န်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးမှ အပြင်သွားလာခွင့်ပြုမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကြေညာချက်ဖောက်ဖျက်ကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူသွားတယ်လို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဘက်က ပြောဆိုထားပါတယ်။
ဒါ့ပြင် ကောလာဟလတွေကို လုပ်ကြံဖန်တီးဖြန့်ဝေပြီး ကုန်ဈေးနှုန်းတက်တာ၊ သိုလှောင်ထားတာ စတဲ့ အပြုအမူတွေကို တွေ့ရှိရင်လည်း လုပ်ငန်းတွေကို ဆိုင်းငံ့သွားမယ်လို့ သတိပေးထုတ်ပြန်ထားပါတယ်။
ကိုးကန့်ဒေသမှာ ကိုးကန့်တပ်(MNDAA)အပါအ၀င် ညီနောင်မဟာမိတ် ပူးပေါင်းတပ်တွေက “ ၁၀၂၇ စစ်ဆင်ရေး” အနေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်တာ ဒီကနေ့ဆိုရင် (၄)ရက်မြောက်ပြီလည်းဖြစ်ပါတယ်။
“ ၁၀၂၇ စစ်ဆင်ရေး” (၄)ရက်ထိကြာလာတဲ့အချိန်မှာ စစ်ကောင်စီဘက်က အထိနာနေပြီး စစ်ကောင်စီရဲ့ တပ်စခန်း (၆၀)နီးပါးအထိ ညီနောင်မဟာမိတ်အဖွဲ့တွေဘက်က တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။