၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်၊ ခေတ်မျက်လုံး။
မကြာခင်မှာ အဆုံးသတ်အောင်ပွဲ တက်လှမ်းနိုင်တော့မယ်ဆိုတာ အပြည့်အဝ ယုံကြည်ကြောင်း NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
“ ၁၀၂၇ စစ်ဆင်ရေးအောင်မြင်မှုဟာ အဆုံးသတ်တိုက်ပွဲ ခရီးအတွက်တော့ အတော့်ကို အင်အားရှိစေခဲ့တဲ့ အောင်မြင်မှုတွေပဲ ဖြစ်ပါတယ်” လို့ သူက ပြောကြားခဲ့ပါတယ်။
ရက်ပေါင်း (၁၀၀၀)ပြည့်ခဲ့တဲ့အထိ တော်လှန်ရေးတာဝန်တွေကို တစ်ရက်မှမနားဘဲ တစိုက်မတ်မတ် ထမ်းဆောင်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေအားလုံးကို အထူးလေးစားဂုဏ်ယူကြောင်း ဆိုပါတယ်။
စစ်ရှိန်မြင့်လာတဲ့နောက်မှာ လိုအပ်တဲ့ လိုအပ်ချက်အသီးသီးအတွက်၊ ကြိုတင်ပြင်ဆင်ရမယ့် ကဏ္ဍအသီးသီးအတွက် ဝန်ကြီးဌာနတွေအားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ အထက်ပါပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။
အခုဆိုရင် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေနဲ့ မြောက်ပိုင်းက စစ်ရှောင်စာရင်းတွေ ရသလောက်စုစည်းနေပြီး ထောက်ပံ့ကူညီနိုင်အောင် စီမံနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ ဘက်ပေါင်းစုံမှာ လဲပြိုနေပြီး စစ်ရေးကဏ္ဍဘက်မှာတောင် အခြေအနေအလွန်ဆိုးဝါးနေပြီမို့ ဒီအခြေအနေ အခွင့်ကောင်းကို လက်မလွှတ်ဘဲ ဆက်လက်အားကုန် ရုန်းကန်ကြရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
နွေဦးတော်လှန်ရေးရဲ့ မဟာမိတ်တပ်ပေါင်းစုကို အဖက်ဖက်က ဝိုင်းဝန်းထောက်ခံအားပေး ဝန်းရံပေးဖို့နဲ့ တစ်လှိုင်းပြီးတစ်လှိုင်း အကြမ်းဖက်စစ်ကောင်စီကို ဝိုင်းဝန်းသုတ်သင်ကြပါက အောင်စည်အောင်မောင်းတီးနိုင်ဖို့အခြေအနေက မကြာမီ ရောက်ရှိလာမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောဆိုခဲ့ကြောင်း သိရပါတယ်။