၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။
နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုက ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က လာရောက်ပစ်ခတ်တာကြောင့် တိုက်ပွဲဖြစ်ပွားတာလို့ တအာင်းတပ်မတော် (TNLA) က ဒီကနေ့မှာ ထုတ်ပြန်ရှင်းလင်းထားချက်အရ သိရပါတယ်။
နိုဝင်ဘာလ (၆) ရက်နေ့က မူဆယ်-နမ့်ခမ်း ဆက်သွယ်ထားတဲ့ ကားလမ်းမကြီးမှာ တာဝန်ယူထားတဲ့ TNLA ရဲ့ မိုင်းဆက်ရွာ၊ ဖိုင်ကျောင်းရွာနဲ့ မန်ဖာရွာလုံခြုံရေးစခန်းကို SSPP/SSA က နံနက်ပိုင်းမှာ(၃)ကြိမ်နဲ့ နေ့လယ်ပိုင်းမှာ (၅) ကြိမ် လာရောက်နှောင့်ယှက်တာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့ပြင် နိုဝင်ဘာလ (၇)ရက်နေ့မှာလည်း “ ၁၀၂၇ စစ်ဆင်ရေး” မှာ တာဝန်ယူနေကြတဲ့ TNLA တပ်ဖွဲ့ဝင်တွေကို SSPP/SSA တပ်ဖွဲ့ဝင် (၁၀) ဦးပါတဲ့အဖွဲ့က လက်နက်အပြည့်အစုံနဲ့ ရောက်လာပြီး စတင်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီအပြန်အလှန်ပစ်ခတ်ခဲ့မှုမှာ TNLA တပ်ဖွဲ့ဝင် (၄) ဦး သေဆုံးပြီး (၂) ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ SSPP/SSA ဘက်ကလည်း တပ်ဖွဲ့ဝင် (၄) ဦးသေဆုံးပြီး (၂) ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ပြောဆိုထားပါတယ်။
ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပြဿနာကို မကြီးထွားလာစေဖို့ နှစ်ဖက်ခေါင်းဆောင်တွေက ထိန်းညှိထိန်းသိမ်းသွားမှာဖြစ်ပြီး အခုပြဿနာကို နှစ်ဖက်မဟာမိတ်ရေးရာရုံးက အပြန်အလှန်ဆက်သွယ်ဖြေရှင်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။