၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။
(၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေကို ပြန်လည်ရွေးနုတ်လိုပါက စည်းမျဉ်းစည်းကမ်းများနဲ့အညီ ပြန်လည်ရွေးနုတ်ခွင့်ပြုသွားမယ်လို့ NUG ရဲ့ ဒီကနေ့မှာ အသိပေးထားချက်အရ သိရပါတယ်။
“ အကြမ်းဖက်စစ်တပ်အမြစ်ဖြတ်ဖို့ ငွေတိုက်စာချုပ် ဝယ်ကြစို့” ကြွေးကြော်သံနဲ့ ငွေတိုက်စာချုပ်တွေကို (၂၀၂၁)ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ကစတင်ပြီး ရောင်းချခဲ့ကာ အခုနှစ် ဒီဇင်ဘာ (၁)ရက်နေ့မှာ (၂)နှစ်သက်တမ်းစေ့တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
ငွေတိုက်စာချုပ်တွေရဲ့ (၂)နှစ်သက်တမ်းပြည့်တော့မှာကို စာချုပ်ပါရက်စွဲနဲ့ တိုက်ဆိုင်စစ်ဆေး သိရှိနိုင်မှာဖြစ်ပြီး သက်တမ်းစေ့တဲ့ ငွေတိုက်စာချုပ်တွေကို NUG အနေနဲ့ ပြန်လည်ရွေးနုတ်ခွင့်ပြုသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် (၂)နှစ်သက်တမ်းစေ့ပေမယ့် ပြန်လည်ရွေးနုတ်ရန် အစီအစဉ်မရှိသေးတဲ့ ဝယ်ယူထားသူတွေအတွက် ထပ်မံသက်တမ်းတိုးတာနဲ့ NUG ရောင်းချနေတဲ့ မြေကွက်၊ တိုက်ခန်းနဲ့ ရှယ်ယာပိုင်ဆိုင်မှုတွေအဖြစ် ပြောင်းလဲသတ်မှတ်ပေးမယ်လို့ ပြောဆိုထားပါတယ်။
အတိုးမဲ့ငွေတိုက်စာချုပ်တွေကို ဝယ်ယူရင်းနှီးမြှုပ်နှံထားကြတဲ့ တော်လှန်ပြည်သူ တဦးချင်း၊ တယောက်ချင်းစီကို NUG အနေနဲ့ ဦးညွှတ်ဂုဏ်ပြုကာ ဆက်လက် ထောက်ကူ အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းထားချက်အရ သိရပါတယ်။