ဇွန်လ (၃)ရက်။
မေလ (၃၀)ရက်နေ့က လယ်ဒိုမြို့ အင်တိုင်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
“ ခမရ(၂၆၄)ကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ။ အင်တိုင်းကုန်းရွာထဲကျပြီး အရပ်သားတွေ ထိမှန်သေဆုံးခဲ့တာ” လို့ ဆိုပါတယ်။
လယ်ဒိုမြို့ရှိ စစ်တပ်ရဲ့ ခမရ(၂၆၄)တပ်ရင်းကနေ ၁၅၅မမ ဟောင်ဝှစ်ဇာလက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ အင်တိုင်းကုန်းရွာထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်စဉ်ထဲ အသက်(၉)နှစ်အရွယ် မိန်းကလေးငယ်တဦးအပါအဝင် အရပ်သား (၃)ဦး သေဆုံးပြီး (၁)ဦး ဒဏ်ရာရရှိခဲ့သလို နေအိမ် (၁)လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လယ်ဒိုမြို့နယ်ထဲ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး လက်နက်ကြီး၊ ဒရုန်း၊ လေယာဉ်တွေနဲ့ နေ့တိုင်းပစ်ခတ်နေတာလို့ KNU က ပြောဆိုထားပါတယ်။
ဒါ့ကြောင့် အရပ်သားပြည်သူတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသလို ဒုက္ခများစွာ ရင်ဆိုင်ကြုံတွေ့နေရပြီး စိုးရိမ်ကြောက်ရွံ့တာတွေနဲ့ အသက်ရှင်နေထိုင်နေကြရတယ်လို့ သိရပါတယ်။







