ဇွန်လ (၃)ရက်။
မေလ (၃၀)ရက်နေ့ကစပြီး မင်းတပ်မြို့နဲ့ (၁၀)မိုင်ခန့်အကွာမှာ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲမှုကော်မတီထံက သိရပါတယ်။
“ ယောဒေသ ကျောက်ထုဘက်ကနေ အင်အားထောင်ချီ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ ချင်းပူးပေါင်းတပ်တွေ မင်းတပ်မြို့နဲ့ (၁၀)မိုင်လောက်အကွာမှာ တိုက်ပွဲပြင်းထန်နေတာ။ စစ်တပ်က ဖြတ်၄ဖြတ်နဲ့ ထိုးစစ်ဆင်တာ” လို့ ဆိုပါတယ်။
မေလ (၂၉)ရက်နေ့မှာ ယောဒေသ ကျောက်ထုကနေတဆင့် မင်းတပ်မြို့ကို စစ်တပ်က အင်အားထောင်နဲ့ချီပြီး ဖြတ်လေးဖြတ်ပြုလုပ်ကာ ထိုးစစ်ဆင်လာခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီစစ်တပ်စစ်ကြောင်းဟာ မေလ (၃၀)ရက်နေ့က မင်းတပ်မြို့ ထင်ချောင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်နေသလို လူသားစာနာမှု အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ မြို့နယ်စစ်ဘေးရှောင်ကော်မတီက ပြောဆိုထားပါတယ်။
အခုလို တိုက်ပွဲပြင်းထန်နေတာဟာ ရေရှည် ထပ်မံစစ်ဘေးရှောင်ရမယ့် အခြေအနေဖြစ်ကာ ဘယ်အချိန်အထိ ခံနိုင်ရည်ရှိမလဲဆိုတာဟာ အကူအညီတွေအပေါ် များစွာမူတည်တယ်လို့ အသိပေးထားပါတယ်။
အခုအခါ တိုက်ပွဲတွေကြောင့် မင်းတပ်မြို့နယ်မှာ စစ်ဘေးရှောင်ဦးရေ (၁၇၀၀၀)ကျော်အထိ ရှိနိုင်ပြီး စစ်တပ်အာဏာသိမ်းဖို့ကြိုးစားချိန်ကနေ ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းအထိ အရပ်သား သေဆုံးသူ (၈၀၀)နီးပါးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် စစ်ကြောင်းထိုးနေတဲ့ မင်းတပ်နဲ့ ကန်ပက်လက်အပါအဝင် ချင်းတောင်ပိုင်းမြို့တွေကို စစ်တပ်က နေ့တိုင်း လေကြောင်းတိုက်ခိုက်နေကာ အရပ်သား ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ သိရပါတယ်။







