၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။
NUG ယာယီသမ္မတ ဒူဝါလရှီးလနဲ့ EU ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး Igor Driesmans တို့ နိုဝင်ဘာ (၂၇)ရက်က အွန်လိုင်းကတစ်ဆင့် ဆွေးနွေးခဲ့တယ်လို့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့ဒီတွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရပ်ရပ်အပါအဝင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကိစ္စရပ်တွေ၊ EU ရဲ့ ကူညီပံ့ပိုးမှုတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဆွေးနွေးပွဲအပြီးမှာ သံအမတ်ကြီး Igor Driesmans က ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေး ပြန်လည်တည်ဆောက်လိုတဲ့ မြန်မာလူထုနဲ့အတူ ခိုင်မာစွာ ရပ်တည်သွားမယ်လို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒါ့ပြင် NUG ယာယီသမ္မတကလည်း မြန်မာလူထုနဲ့ နွေဦးတော်လှန်ရေးအပေါ် အခိုင်အမာ အားပေးထောက်ခံတဲ့အတွက် ကျေးဇူးတင်ကြောင်း X လူမှုကွန်ရက်ကတစ်ဆင့် ပြောဆိုခဲ့ပါတယ်။
အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး၊ တည်ငြိမ်မှု၊ တရားမျှတမှုနဲ့ ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးတို့ကို လူမျိုးစုမဟာမိတ်တွေနဲ့ အတူလက်တွဲပြီး ဖော်ဆောင်သွားဖို့ အဆင်သင့်ရှိတယ်လို့ ယာယီသမ္မတက ထပ်မံပြောဆိုခဲ့ကြောင်း သိရပါတယ်။