၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်၊ ခေတ်မျတ်လုံး။
“ ၁၀၂၇ စစ်ဆင်ရေး” ကာလ (၃၆)ရက်အတွင်း စစ်အုပ်စုရဲ့ ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ (၃၀၉)ဦးအထိ သေဆုံးခဲ့ရတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အရပ်သားပြည်သူသေဆုံးမှုဟာ ရှမ်းပြည်နယ်က (၉၈)ဦးအထိ အများဆုံးရှိခဲ့ပြီး စစ်ကိုင်းမှာ (၆၇)ဦး၊ ရခိုင်မှာ (၅၈)ဦး၊ ကရင်နီမှာ (၂၇)ဦး၊ ချင်းမှာ (၂၆)ဦးအပြင် မန္တလေးမှာ (၁၀)ဦး၊ ကရင်မှာ (၇)ဦး၊ မွန်မှာ (၆)ဦး၊ မကွေးမှာ (၅)ဦး၊ ကချင်မှာ (၃)ဦးနဲ့ ပဲခူးမှာ (၂)ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ (၄၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရှမ်းမှာ (၁၆၀)ဦးနဲ့ ရခိုင်မှာ (၈၂)ဦးနဲ့ စစ်ကိုင်းမှာ (၆၉)ဦးတို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်ဆင်ရေးကာလထဲမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးတိုက်ခိုက်မှု (၁၁၂)ကြိမ်အထိရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု (၈၄)ကြိမ်၊ ပစ်ခတ်သတ်ဖြတ်မှု (၁၄)ကြိမ်၊ လုယက်သတ်ဖြတ်မှု (၉)ကြိမ်နဲ့ မီးရှို့သတ်ဖြတ်မှု (၇)ကြိမ်ပြင် အခြားရာဇဝတ်မှုကျူးလွန်သတ်ဖြတ်မှု (၁၉)ကြိမ်ရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
“ ၁၀၂၇ စစ်ဆင်ရေး” ကာလ တစ်လတာနီးပါးထဲမှာ ရှမ်းမြောက်အပါအဝင် စစ်ကိုင်း၊ ရခိုင်၊ ချင်း၊ ကရင်နဲ့ ကရင်နီဒေသတွေမှာ တိုက်ပွဲပေါင်း (၅၂၅)ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ NUG ရဲ့အစီရင်ခံစာမှာ ပြောဆိုထားပါတယ်။
NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ကျူးလွန်တာတွေကို အပြစ်ပေးအရေးယူနိုင်ဖို့ အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကာ နိုင်ငံတကာတရားရုံးမှာ တင်ပြပြီး အရေးယူနိုင်တဲ့အမှု (၂၄)မှုရှိတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။