၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၁) ရက်၊ ခေတ်မျက်လုံး။
တရုတ်အစိုးရရဲ့ အကူအညီကိုယူပြီး စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) ၊ ရက္ခိုင့်တပ်တော် (AA) တို့က တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးအရ ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ထုတ်ပြန်ပြောကြားထားပါတယ်။
“ကျွန်တော်တို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက တာဝန်ရှိတဲ့သူတွေနဲ့ MNDAA, TNLA, AA အဖွဲ့က တာဝန်ရှိသူတဲ့သူတွေဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အကူအညီနဲ့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးမှုအပေါ်မှာ မူတည်ပြီး၊ တိုးတက်မှုအပေါ်မှာ မူတည်ပြီး ဒီလကုန်ခန့်မှာလည်း ထပ်မံဆွေးနွေးသွားဖို့ရှိကြောင်း ပြောကြားလိုပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသွားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning ကလည်း ရှမ်းမြောက်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပြီး ဒီအခြေအနေကို မြင်ရတဲ့အတွက် တရုတ်နိုင်ငံအနေနဲ့ ဝမ်းမြောက်မိတယ်တယ်လို့ ဒီနေ့ ဒီဇင်ဘာလ (၁၁) ရက်နဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါသေးတယ်။
တရုတ်နိုင်ငံကို အောက်ကျို့ပြီးတော့ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ပြေငြိမ်းဖို့ လုပ်ပေးပါ လောက်ကိုင်ကို MNDAA ကို အုပ်ချုပ်ခွင့် ပြန်ပေးပါ့မယ်။ ဒီလိုညှိပြီးတော့ ငြိမ်းချမ်းရေးရယူတယ်ဆိုတာ တကယ်တမ်းတော့ ငြိမ်းချမ်းရေး လိုချင်တယ်လို့တော့ မထင်ဘူး။ သူတို့အနေနဲ့ တပ်တွေကို ပြန်စုစည်းနိုင်ဖို့ သူတို့အင်အားပြန်ပြီးတည်ဆောက်နိုင်ဖို့အတွက် အချိန်ယူပြီး ခဏတဖြုတ် အပစ်အခတ်ရပ်စဲရေးလုပ်တယ်လို့ပဲ ထင်တယ်။ အဲ့ဒီလို လုပ်ထားတဲ့အချိန် တခြားစစ်ကိုင်းတို့ မကွေးတို့လို တခြားနေရာတွေကို ဖြိုခွဲမယ့်သဘောရှိတယ်။ သူတို့ လုပ်နေကျအတိုင်းပဲ သူတို့ရဲ့ နည်းဗျူဟာက မြောက်ပိုင်းကို အပစ်အခတ်ရပ်စဲရေးလုပ်မယ် တခြားဒေသတွေမှာ စစ်ဆင်ရေးလုပ်မယ်လို့ ယူဆရတယ်။ ရိုးသားမှုတော့ မရှိဘူးလို့ မြင်တယ်။ တရုတ်နိုင်ငံကို စီးပွားရေးအရ ထိခိုက်စေတဲ့ အွန်လိုင်းလိမ်လည်မှုတွေ လူကုန်ကူးမှုတွေမှာ တရုတ်နိုင်ငံသားတွေကိုပါ ထိခိုက်ထားတဲ့အတွက် စစ်ကောင်စီဟာ တရုတ်ကို ပြန်ပြီး ချော့ရတဲ့သဘောဖြစ်တယ်။ စစ်ကောင်စီရဲ့ အရည်အချင်းမရှိမှုကြောင့် သူတို့ခန့်ထားတဲ့သူတွေကို တရုတ်က မိသားစုလိုက် ဖမ်းဝရမ်းထုတ်ရတဲ့အထိ ဖြစ်လာတယ်။ MNDAA ကတော့ သူတို့နိုင်ရင် အဲ့ဒီဖမ်းဝရမ်းထုတ်ထားတဲ့သူတွေကို ပြန်အပ်ပေးမယ် ပြောထားတယ်။ ဒါ့အပြင် စစ်ကောင်စီက ကာကွယ်ပေးထားတဲ့သူတွေလည်း ရှိနေသေးတယ်။ အဲ့ဒီသူတွေအတွက် ဘယ်လိုညှိမယ်ဆိုတာတော့ မသိရသေးဘူးလို့ နိုင်ငံရေးသုံးသပ်သူတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။