ဒီဇင်ဘာလ (၁၅)ရက်။
ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာ လေကြောင်းတိုက်ခိုက်ခံရတာ သတင်းပေးဒလန်တွေရှိနေတဲ့အတွက် သတိထားကြဖို့ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ (၁၂)ရက်နေ့က မင်းတိုင်ပင်ရွာရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တရားရုံး လေကြောင်းတိုက်ခိုက်ခံခဲ့ရတာကြောင့် တရားရေးတာဝန်ခံနဲ့တကွ (၅)ဦးကျဆုံးခဲ့ကာ အလွန်ပဲစိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။
“ မင်းတိုင်ပင်ဖြစ်စဉ်မှာ နေရာတိတိကျကျကို လေကြောင်းတိုက်ခိုက်တာဖြစ်လို့ ရွာတွေထဲမှာ သတင်းပေးဒလန်တွေ ရှိနေတယ်ဆိုတာ သေချာတာမို့ အုပ်ချုပ်ရေးတာဝန်ရော၊ တရားစီရင်ရေးတာဝန်တွေ ထမ်းဆောင်တဲ့အခါ သတိအသိအမြဲကပ်ဖို့ ပြည်သူတွေကို သတိပေးကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဒီဇင်ဘာလ (၁၃)ရက်နေ့ကလည်း ဖြူးမြို့ရှိ ညောင်ပင်သာရွာကို စစ်ကောင်စီက ဗုံးကြဲကာ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။
“ ဒီတော်လှန်ရေးကြီး မြန်မြန် အောင်မြင်စွာ အဆုံးသတ်နိုင်မှပဲ ကျွန်တော်တို့ ပြည်သူတွေ ခံစားနေကြရတဲ့ ဒုက္ခတွေ အထိုက်အလျောက် ငြိမ်းမယ်လို့ထင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အစိုးရအနေနဲ့ ကဏ္ဍစုံက ကြိုးစားနေကြဖို့ လိုအပ်ပါတယ်” လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ထပ်မံပြောဆိုခဲ့ပါတယ်။
စစ်ရေးအရ စစ်ရှိန်မြင့်လာတာနဲ့အမျှ ပြည်သူတွေဘက်ကလည်း မိမိဒေသလုံခြုံရေး လူထိခိုက်မှု လျှော့ချနိုင်ဖို့အတွက် အစီအမံတွေကို တစ်ဦးချင်း သိရှိလိုက်နာနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားရမယ်လို့ NUG က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။