ဒီဇင်ဘာလ (၁၅)ရက်။
မူးမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် တစ်နှစ်ခွဲကလေးငယ်တစ်ဦးသေဆုံးကာ (၇)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒီဇင်ဘာလ (၁၄)ရက်နေ့ နံနက် (၈)နာရီ (၄၀)မိနစ်အချိန်က စစ်ကောင်စီတပ်ရဲ့ တောင်ငူလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာတစ်စင်းဟာ ဝဲကြီးကျေးရွာထဲကို ရော့ကတ်(၁၂)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီလိုပစ်ခတ်ခဲ့တာကြောင့် မောင်ကောင်းဆက်နိုင် (၁)နှစ်ခွဲကလေးငယ် သေဆုံးခဲ့ပြီး အသက် (၁၄)နှစ်အရွယ်တစ်ဦး၊ ဦးသန်းထွေး (၅၀)နှစ်နဲ့ ဒေါ်သန်းကြည် (၅၅)နှစ်တို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ဈေးဆိုင်တစ်ဆိုင်နဲ့ နေအိမ် (၄)လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် ဝဲကြီးကျေးရွာက ဘာသာရေးအလှူငွေ ကျပ် (၅)သိန်းလည်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် နွားတစ်ကောင် ထိခိုက်ခဲ့ပြီး ဝက်မကြီးတစ်ကောင်နဲ့ ဝက်သားပေါက်(၁)ကောင် သေဆုံးခဲ့တယ်လို့ ရေးသားထားပါတယ်။
အလားတူ ဒီဇင်ဘာလ (၁၃)ရက်နေ့ နံနက် (၉)နာရီအချိန်ကလည်း စစ်ကောင်စီတပ်ရဲ့ Mi-35 တစ်စင်းဟာ စက်သေနတ်နဲ့ ရွာတွေထဲ ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးနဲ့ အသက်(၁၃)နှစ်အရွယ်တစ်ဦးအပါအဝင် ၄ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ်(၂)လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။