၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်၊ ခေတ်မျတ်လုံး။
သိမ်းဆည်းရမိတဲ့ နယ်မြေစခန်းတွေကို လက်လွှတ်ဆုံးရှုံးတာတွေ မရှိစေဖို့ တအာင်းတပ်မတော်(TNLA)စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်က ပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီဇင်ဘာလ (၁၁)ရက်နေ့က “ ၁၀၂၇ စစ်ဆင်ရေး” ကာလမှာ သိမ်းဆည်းရမိထားတဲ့ နမ့်ဆန်မြို့နယ်ရှိ ကဒိုင်းဖူးတပ်စခန်းကို TNLA စစ်ဦးစီးချုပ်က ကွင်းဆင်းစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီကွင်းဆင်းစစ်ဆေးရာမှာ ရှေ့တန်းရှိတပ်မှူးတွေနဲ့ တွေ့ဆုံပြီး သိမ်းဆည်းရမိထားတဲ့ နယ်မြေစခန်းတွေ မဆုံးရှုံးစေဖို့နဲ့ တပ်လုံခြုံရေးလုပ်ငန်း ဆောင်ရွက်ထားဖို့အပြင် စစ်ရေးအမြင် စစ်ရေးသတိ အမြဲမပြတ်ထားရှိဖို့ လမ်းညွှန်မှာကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် နမ့်ဆန်မြို့ စစ်မြေပြင်အတွင်း ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေကိုလည်း တွေ့ဆုံခဲ့ကာ TNLA အဖွဲ့အနေနဲ့ စစ်သုံ့ပန်းဥပဒေ လိုက်နာတဲ့အဖွဲ့ဖြစ်ကာ အဖွဲ့ထဲရောက်လာတဲ့ မည်သည့် စစ်ကောင်စီတပ်ဖွဲ့၀င်မဆို ဂုဏ်သိက္ခာရှိခွင့်နဲ့ အသက်ချမ်းသာခွင့် ရရှိမှာဖြစ်တယ်လို့ စစ်ဦးစီးချုပ်က ပြောဆိုခဲ့ပါတယ်။
‘၁၀၂၇ စစ်ဆင်ရေး” ကာလမှာ တအာင်းပြည်နယ်အတွင်းက စစ်ကောင်စီရဲ့စခန်းပေါင်း (၆၀)ကျော်ကို သိမ်းဆည်းရမိပြီးဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။