၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်၊ ခေတ်မျတ်လုံး။
အခု (၂၀၂၃)ခုနှစ် တစ်နှစ်အတွင်း ဝိုင်း၀န်းကြိုးစားခဲ့ကြတဲ့ အတွက် မင်းအောင်လှိုင်ကို ဖယ်ရှားနိုင်ဖို့ အောင်မြင်မှုတွေ တော်တော်များများ ရနေပြီဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ခရစ်စမတ်ဆုတောင်းစကားမှာ ပြောဆိုထားချက်အရ သိရပါတယ်။
“ စစ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး စီးပွားရေးနဲ့အတူ လူထုနဲ့ပူးပေါင်းပြီး တိုက်ပွဲ၀င်တဲ့ လှုပ်ရှားမှုတွေမှာ မင်းအောင်လှိုင်ကို ဖယ်ရှားဖို့ မဟာဗျူဟာကို ကြိုးစားကြရာမှာ အောင်မြင်မှု အင်မတန်မှ ရနေပြီဖြစ်ပါတယ်” လို့ ၎င်းက ပြောပါတယ်။
ပြည်သူလူထုကို မတရားသဖြင့် အာဏာချုပ်ကိုင်ထားတဲ့ မင်းအောင်လှိုင်နဲ့ အာဏာရှင်တွေကြောင့် ငြိမ်းချမ်းမှုမရသေးကာ တောထဲတောင်ထဲမှာ ပြည်သူလူထုနဲ့အတူ ရုန်းကန်လှုပ်ရှားနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာလ (၂၅)ရက်ကစပြီး မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ ခရစ်တော်ရဲ့ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ သာယာ၀ပြောခြင်းတွေကို ခံစားနိုင်ကြပါစေလို့ ယာယီသမ္မတက ဆုမွန်ကောင်းတောင်းစကား ပြောဆိုထားပါတယ်။
အခုအချိန်မှာ ပြည်သူထောင်ပေါင်းများစွာဟာ အိုးအိမ်စွန့်ခွာနေရသလို မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေရဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဖမ်းဆီးနှိပ်စက်တာတွေကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်လည်း ကိုယ်ချင်းစာ၀မ်းနည်းမိတယ်လို့ အထက်ပါပုဂ္ဂိုလ်ရဲ့ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။