ဇွန်လ (၁၃)ရက်။
အခုလပထမအပတ်ထဲ ချောင်းဦးမြို့ကို စစ်တပ်က (၃)ရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီကာလထဲ စစ်တပ်စစ်ကြောင်းဟာ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတွေကို စစ်ကြောင်းဝင်ရောက်ခဲ့ရာ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်တပ်စစ်ကြောင်းဟာ စစ်ကြောင်းထိုးဝင်ရောက်ချိန် ပြည်သူပိုင်အဖိုးတန်ပစ္စည်းတွေကို အကြိမ်ကြိမ် သယ်ယူခဲ့သလို နေအိမ် (၂၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး စစ်ကြောင်းထိုးချိန် လက်နက်ကြီးနဲ့ ဒရုန်းနဲ့ ပစ်ခတ်တာတွေကြောင့် ဒေသခံအမျိုးသား (၃)ဦးသေဆုံးခဲ့ပြီး (၄)ဦးထက်မနဲ ဒဏ်ရာရခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့အပြင် ဇွန်လ (၁)ရက်နေ့ကနေ (၁၁)ရက်နေ့အထိ ချောင်းဦးမြို့နယ်ထဲ စစ်ရေးတင်းမာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြိမ်ပေါင်းများစွာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။
တိုက်ပွဲတွေကြောင့်လဲ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရကာ လူသားစာနာမှုအကူအညီတွေကို စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်နဲ့ ချိတ်ဆက် ကူညီနိုင်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။








