ဇွန်လ (၁၃)ရက်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်ထားတယ်လို့ People Movement Platform ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီပြည်လုံးကျွတ်လှုပ်ရှားမှုကို ဇွန်လ (၁၉)ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့မှာ “ နှင်းဆီလှုပ်ရှားမှု” အနေနဲ့ ပြုလုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ပြီး စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းတာတွေနဲ ဟန်ပြနိုင်ငံရေးခြေလှမ်းတွေကို ပြည်သူက လုံးဝလက်မခံဘူးဆိုတာကို လှုပ်ရှားမှုနဲ့အတူ သက်သေပြဖို့ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် လူထုလှုပ်ရှားမှုထဲ “ အမေစုနဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ချက်ချင်းလွှတ်” ၊ “ အဓမ္မစစ်မှုထမ်းဥအဒေ ချက်ချင်းဖျက်” ၊ “ ဦးဝင်းမြင့်သည် သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်သည် အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သည်” ဆိုတဲ့ သတင်းစကားတွေ ပါဝင်ပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို ဇွန်လ (၁၉)ရက်နေ့မှာ ဒေသနဲ့ လုံခြုံရေးအခြေအနေတွေနဲ့ နှင်းဆီပန်း ပန်ဆင်တာ၊ ဘုရားတင်တာ ဒါမှမဟုတ် ရရှိတဲ့ ပန်းတမျိုးမျိုးကို ဘုရားတင်တာ၊ ပန်ဆင်တာနဲ့ အပြန်အလှန်ဝေငှတာတွေ ပြုလုပ်ဖို့ အသိပေးထားပါတယ်။
Online လှုပ်ရှားမှုအနေနဲ့လဲ ပန်ဆင်၊ ကိုင်ဆောင်ထားတဲ့ ပန်းဓါတ်ပုံတွေကို လူမှုကွန်ရက်ပေါ်တင်တာအပြင် မြေပြင်သပိတ်လှုပ်ရှားမှုတွေမှာ နှင်းဆီပန်းတွေ ကိုင်ဆောင်ပါဝင်ဖို့ နှိုးဆော်ထားပါတယ်။
ပြည်လုံးကျွတ် လှုပ်ရှားမှုထဲ “ အမေစုနဲ့အတူ ဆက်လက်တိုက်ပွဲဝင်ကြ” ၊ “ ဟေ့…..စစ်အာဏာရူးတွေ ငါတို့လူထုဟာ မင်းတို့ပြုသမျှ နုရမယ့်ဘဝ မဟုတ်ဘူးဟေ့” ၊ ငုံ့မခံဘဲ တုံ့ပြန်မယ့် သံမဏိနှင်းဆီတွေ” ဆိုတဲ့ ကြွေးကြော်သံနဲ့ ထပ်လောင်းသက်သေတည်ဖို တိုက်တွန်းထားတယ်လို့ သိရပါတယ်။








