ဒီဇင်ဘာလ (၂၅)။
တအာင်းတပ်မတော်(PSLF/TNLA)ရဲ့ အပတ်စဉ်(၄) အခြေခံရဲသင်တန်းဆင်းပွဲနဲ့ အပတ်စဉ်(၈) အထွေထွေအုပ်ချုပ်ရေးဌာနဆိုင်ရာ ရုံးစီမံမှုသင်တန်းဆင်းပွဲကို ဒီဇင်ဘာလ (၂၄)ရက်နေ့က ပူးတွဲကျင်းပခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ကျောင်းဆင်းပွဲအခမ်းအနားကို အုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးကြီး တားဂူ;ဇာရ်း၊ တွဲဖက်အတွင်းရေးမှူး(၂) ဒုတိယဗိုလ်မှူးကြီး တားပန်လနဲ့ ဌာနအသီးသီးက အရာရှိအရာခံ အကြပ်စစ်သည်တွေ၊ သင်တန်းသူ/သင်တန်းသားတွေ စုစုပေါင်း လူဦးရေ(၁၂၀)ဦး တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ကျောင်းဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်က ရဲလုပ်ငန်းပိုင်းဆိုင်ရာ ပညာရပ်တွေ ပိုမိုတတ်ကျွမ်းဖို့၊ ရဲလုပ်ထုံးလုပ်နည်းနဲ့အညီ စနစ်တကျ လုပ်ကိုင်ဆောင်ရွက်နိုင်စေဖို့နဲ့ အုပ်ချုပ်ရေးလုပ်ငန်းကို ဥပဒေနဲ့အညီ ဦးဆောင်နိုင်တဲ့ လူ့အရင်းအမြစ်တွေ မွေးထုတ်ဖို့အပါအ၀င် ရုံးလုပ်ငန်းတွေကို စနစ်တကျ လုပ်ကိုင်နိုင်စေဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူလူထုရဲ့ ဘဝလုံခြုံဖို့နဲ့ ဥစ္စာအိုးအိမ်လုံခြုံဖို့၊ လူမျိုးခွဲခြားမှုမရှိဘဲ တန်တူထားကာ စီမံအုပ်ချုပ်ရေး ပြုလုပ်ဖို့၊ ရုံးလုပ်ငန်းတွေ အချိန်နဲ့တပြေးညီ မြန်ဆန်စေဖို့ ဒုတိယဗိုလ်မှူးကြီး တားပန်လက သင်တန်းဆင်းပွဲအခမ်းအနားမှာ မှာကြားခဲ့ပါတယ်။
အခုဖွင့်လှစ်တဲ့ အခြေခံရဲသင်တန်းကျောင်းဟာ စတုတ္ထအကြိမ်မြောက် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းသင်တန်းဟာ အဌမအကြိမ်မြောက် ဖွင့်လှစ်ခဲ့တာဖြစ်သလို အရင်က (၃)သုတ်အထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခုသင်တန်းကျောင်းကနေ ရဲသင်တန်းသူ/သင်တန်းသား (၁၆၆)ဦးနဲ့ ထွေ/အုပ်ရုံးစီမံမှု သင်တန်းသား (၂၀၀)ကျော် မွေးထုတ်ပေးနိုင်ခဲ့ကာ သင်တန်းဆင်းကျောင်းသားတွေကို တအာင်းပြည်နယ်ထဲက ရပ်ရွာ၊ မြို့နယ်နဲ့ ခရိုင်အသီးသီးအတွင်း အုပ်ချုပ်ရေးလုပ်ငန်းတွေ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေနဲ့ အုပ်ချုပ်ရေးဌာနဆိုင်ရာရုံးတွေမှာ တာဝန်ပေးအပ်ချထားသွားမယ်လို့ သိရပါတယ်။