၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်၊ ခေတ်မျက်လုံး။
ဒီနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ မနက် (၁) နာရီ (၃၀) မိနစ်အချိန်မှာ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ နားလင်းကျေးရွာက နေအိမ်တစ်လုံး မီးလောင်ပြာကျသွားတယ်လို့ဒေသခံသတင်းရင်းတွေဆီက သိရပါတယ်။
အလားတူပဲ ဒီနေ့ ညနေ ၅ နာရီဝန်းကျင်မှာ တပ်မဟာ(၄) စစ်ဒေသ၊ နမ္မတူမြို့တွင်း၊ ခိုဖိတ်ကျေးရွာအနီးတဝိုက်ကို စစ်ကောင်စီက Y12 လေယာဥ်နဲ့ (၇) ကြိမ်၊ ဗုံး (၂၈) လုံး ကြဲချခဲ့တဲ့အတွက် နမ္မတူမြို့ ရပ်ကွက် (၃) က အရပ်သားပြည်သူ (၂) ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။ သေဆုံးခဲ့သူ (၂) ဦးဟာ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးနဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
လားရှိုးမြို့ကနေ စစ်ကောင်စီရဲ့ လေယာဉ်တွေ တစ်နာရီတစ်စီးလောက် တက်နေတယ်လို့ လားရှိုးမြို့ခံတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။
စစ်အုပ်စုခေါင်းဆောင်ကတော့ မနေ့က ခရစ္စမတ်ဆုတောင်းပွဲအခမ်းအနားမှာ ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ် ဖိတ်ခေါ် ကြိုဆိုလျက်ရှိတယ်လို့ ပြောနေပေမယ့် လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်ပေးမှုနဲ့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ ညီနောင်သုံးဖွဲအကြား ဒုတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှုကို ဒီဇင်ဘာလ (၂၂) ရက်ကနေ (၂၄) ရက်နေ့အထိ ပြုလုပ်ခဲ့ပေမဲ့ သဘောတူညီချက် တစုံတရာမရဘဲ ပျက်သွားခဲ့တယ်လို့ သိရပြီး အဓိကအားဖြင့် တပ်နေရာချထားရေးနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြန်ဖွင့်ရေးကိစ္စတွေမှာ အခြေအတင် ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြထားပါတယ်။