၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက်၊ ခေတ်မျက်လုံး။
ဒေသခံပြည်သူအချို့ရဲ့ လျှို့ဝှက်ဆက်သွယ် သတင်းပေးပို့ကြောင့် မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်ကျေးရွာများအနီးမှာရှိတဲ့ မုံရွာပလဖစခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းလိုက်တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီစီးနင်းမှုမှာ လက်နက်ခဲယမ်းတွေ၊ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပြီး မုံရွာပလဖက ဖမ်းဆီးချုပ်နှောင်ထားတဲ့ ဒေသခံပြည်သူတွေကိုလည်း ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
RPG ဒုံးပစ်လောင်ချာ (၁) လက်၊ လက်လုပ်သေနတ် (၃) လက်၊ ခဲယမ်းမျိုးစုံ၊ မော်တော်ယာဉ် ၇ စီး၊ မူးယစ်ဆေးဝါးမျိုးစုံနဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။
ဒီဖမ်းဆီးမှုမှာ တစ်ဦးသေဆုံးပြီး ကျန်တဲ့သူတွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။
မုံရွာပလဖခေါင်းဆောင် ကိုကူးကူးကလည်း သူ့ရဲ့လူမှုကွန်ရက်ကနေ အနားယူချိန်တန်ပြီ လူရင်းပေးတဲ့ဒဏ်ရာ ပိုနက်လေရဲ့ဆိုပြီး ရေးသားထားပါတယ်။
မုံရွာပလဖခေါင်းဆောင် ကိုကူးကူးက မုံရွာကိုယ်ဝန်ဆောင် လူသတ်မှုဖြစ်စဉ်မှာ ကျူးလွန်တဲ့သူတွေကို ဖမ်းဆီးခဲ့တဲ့သူ ဖြစ်ပါတယ်။