ဇန်နဝါရီလ (၁၅)ရက်။
မုန်းမြို့ပေါ်တိုက်ပွဲမှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံ့ပန်းဥပဒေတွေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံတပ်သား (၁၉)ဦးဟာ လက်နက်ချအညံ့ခံခဲ့ကာ တိုက်ပွဲမှာ တပ်ဝင်းတွေထဲရှိ တပ်မိသားစုဝင် (၄၂)ဦးခန့်ကိုလည်း လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြားကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
KNU အနေနဲ့ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်သားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ကုလသမဂ္ဂက အတည်ပြုထားတဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းပါ အခွင့်အရေးတွေကို ချိုးဖောက်တာမရှိဘဲ ကူညီစောင့်ရှောက်ပေးထားတယ်လို့ ဖော်ပြထားပါတယ်။
အဖက်ဖက်က ဆုတ်ယုတ်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်အနေနဲ့ သူတို့ရဲ့အာဏာဆက်လက်တည်မြဲဖို့ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းနဲ့ သတင်းအမှားတွေကို အသုံးချပြီး အထင်အမြင်လွှဲမှားအောင် လုပ်ဆောင်နေတယ်လို့ KNU က ပြောဆိုထားပါတယ်။
ပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဝါဒဖြန့်ချိတာတွေကနေ ရှောင်နိုင်ဖို့အတွက် တော်လှန်ရေးအဖွဲ့တွေရဲ့ တရားဝင်သတင်းစာမျက်နှာတွေနဲ့ ယုံကြည်ရတဲ့ သတင်းဌာနတွေကနေ ထုတ်ပြန်တဲ့သတင်းတွေကို တိုက်ဆိုင်စစ်ဆေးဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။