ဇန်နဝါရီလ (၂၂)ရက်။
ရခိုင်ဒေသထဲ စစ်ကောင်စီက ရေလမ်းကနေ အင်အားဖြည့်တင်းနေတာကြောင့် လာမယ့်ရက်တွေမှာ တိုက်ပွဲတွေ အခုထက် ပိုမိုပြင်းထန်လာနိုင်တယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ မနေ့က ပြောဆိုထားချက်အရ သိရပါတယ်။
ပလက်ဝဒေသထဲကနေ အိန္ဒိယဘက် ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်သား (၄၀၀)ကျော်ထဲက အများစုဟာ ရခိုင်ဒေသ စစ်မျက်နှာတွေမှာ တိုက်ပွဲဝင်နေကြတယ်လို့ ဆိုပါတယ်။
ရက္ခိုင့်တပ်တော်(AA)အနေနဲ့လည်း စစ်ကောင်စီရဲ့ ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်တာတွေကြားက စခန်းသိမ်းတိုက်ပွဲတွေအပြင် ခုခံစစ်နဲ့ တန်ပြန်ထိုးစစ်တွေကိုပါ ဆင်နွှဲနေကာ ရခိုင်မှာ တိုက်ပွဲတွေ တစ်ရက်ပြီးတစ်ရက် ပြင်းထန်နေတယ်လို့ ဖော်ပြထားပါတယ်။
ဇန်နဝါရီလ (၂၁)ရက်နေ့က ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နဲ့ ရမ်းဗြဲမြို့တွေမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနေ့ ည (၈)နာရီ (၄၈)မိနစ်အချိန်ခန့်က မင်းပြားမြို့ကို စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်တော်လှရပ်ကွက်၊ ရွှေပြည်စိုးရပ်က လူနေအိမ်အချို့ မီးလောင်ပြာကျခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ဇန်နဝါရီလ (၂၀)ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဘူးသီးတောင်မြို့မှာ မောင်တောမြို့ကနေ ဈေးဝယ်ပြီးပြန်လာတဲ့ ခရေမြိုင်ရွာနဲ့ အင်းဖောက်ရွာတို့က ဒေသခံအမျိုးသား (၃)ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။