ဖေဖော်ဝါရီလ (၇)ရက်။
ထားဝယ်မြို့၊ သပြေချောင်းရွာရှိ မယ်ဝေးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဗထူးတပ်မတော်(BHA)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်စခန်းကုန်းကို ဗထူးတပ်မတော်(BHA)နဲ့ ထားဝယ်စုပေါင်းစစ်ကြောင်း(DCC)တို့က ဖေဖော်ဝါရီလ (၅)ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်စခန်းကုန်းကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့ကာ သာသနာနယ်မြေဖြစ်တဲ့အတွက် စခန်းကုန်းကို မီးရှို့ဖျက်ဆီးတာမပြုဘဲ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အထက်ပါစခန်းကုန်းဟာ အမှတ်(၈)စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ်၊ အမှတ်(၄၀၁)ခြေမြန်တပ်ရင်းနဲ့ အမှတ် (၄၀၂) ခြေမြန်တပ်ရင်းတွေနဲ့ ကပ်လျှက်မှာရှိတာဖြစ်တယ်လို့ ရေးသားထားပါတယ်။
မယ်ဝေးတောင်ပေါ်က စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံကိုလည်း BHA က ထုတ်ပြန်ထားကာ အခုနှစ်ထဲ အာဏာသိမ်းစစ်တပ်ကို စစ်ရေးအရှိန်မြှင့်ကာ တိုက်ခိုက်ချေမှုန်းသွားမယ်လို့ အသိပေးထားပါတယ်။
ပြည်သူတွေအနေနဲ့လည်း စစ်ရေး အသိ၊ သတိနဲ့ နေထိုင်ကြဖို့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တရားဝင်အသိပေးထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာဖို့ ပြောဆိုထားတယ်လို့ သိရပါတယ်။