မတ်လ (၁)ရက်။
မွန်ပြည်နယ်ထဲ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ(MSFC)ရဲ့ ဒုတိယအကြိမ်ညီလာခံက ချမှတ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ဒုတိယအကြိမ်ညီလာခံမှာ မွန်ပြည်နယ်ထဲ အားနည်းနေဆဲဖြစ်တဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်တဲ့ ကိစ္စရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အခုအချိန်ထက် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်တာတွေ ပေါ်ပေါက်ဖို့ လိုအပ်တဲ့ ကော်မတီတွေ၊ လုပ်ငန်းစဉ်တွေ ချမှတ်သွားမယ်လို့ ဖော်ပြထားပါတယ်။
ညီလာခံနှစ်ရပ်အကြား မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီမှာ ရေးဆွဲထားတဲ့ နိုင်ငံရေးသဘောထားတွေ၊ အဖွဲ့အစည်းထဲ မူဝါဒတွေ၊ လုပ်ငန်းတွေကို ဒုတိယအကြိမ် အတည်ပြုခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် ကော်မတီ(၃)ရပ်မှာလဲ မွန်လူမျိုးအပြင် မွန်ပြည်နယ်မှာ အခြေပြုနေထိုင်တဲ့ တိုင်းရင်းသားတွေ၊ တော်လှန်ရေးအင်အားစုတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အစုအဖွဲ့က ခေါင်းဆောင်တွေနဲ့ တိုးချဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
ကောင်စီအနေနဲ့ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ် အားလုံးကျဆုံးဖို့၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရရှိဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့အတွက် တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။