မတ်လ (၁)ရက်။
ဒီကနေ့ နံနက်အစောပိုင်းမှာ MEC ထီးတန်းဆိပ်ကမ်းရှိ ရန်ကုန်မြစ်ထဲက လေယာဉ်ဆီတင်သင်္ဘောကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ MOD ရဲ့ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကောင်စီရဲ့ စစ်လေယာဉ်၊ စစ်ရဟတ်ယာဉ်တွေမှာ အသုံးပြုမယ့် လေယာဉ်ဆီ သယ်ဆောင်လာတဲ့ လေယာဉ်ဆီတင်သင်္ဘောကို ရန်ကုန်တိုင်းပကဖ (ရေငုပ်အထူးတပ်ဖွဲ့) က ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ အသံအကျယ်ကြီး ကြားလိုက်ရတာ၊ အဲ့ဒီသင်္ဘောပေါက်ကွဲတာကို မြို့တော်တော်များများက ကြားရတယ်။ လူထိခိုက်တာလဲရှိတယ်လို့ပြောတယ်” လို့ အလုံမြို့နေသူတစ်ဦးက ပြောပါတယ်။
အဲ့ဒီသင်္ဘောဟာ နံနက်(၂)နာရီ (၂၃)မိနစ်အချိန်မှာ မီးလောင်ခဲ့ကာ မြို့နယ်မီးသတ်စခန်းတွေက မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး နံနက် (၃)နာရီခွဲအချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
သင်္ဘောမီးလောင်မှုဖြစ်စဉ်ထဲ အမျိုးသား (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦးဒဏ်ရာရရှိခဲ့သလို အမျိုးသား (၂)ဦး ပျောက်ဆုံးနေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းမီဒီယာတွေက ရေးသားထားပါတယ်။
အခုလို သင်္ဘောပေါက်ကွဲမီးလောင်ခဲ့တဲ့အပေါ် စစ်ကောင်စီဘက်ကတော့ တစုံတရာ သတင်းထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။