မတ်လ (၄)ရက်။
ရခိုင်ပြည်နယ်မှာ စစ်အုပ်စုက လူမျိုးရေးပဋိပက္ခဖြစ်စေဖို့ ပြုလုပ်နေတာတွေကို သတိကြီးစွာနဲ့ ရှောင်ရှားကြဖို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်အုပ်စုရဲ့ လှည့်ကွက်တွေကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့ အတိတ်ကာလက ဖြစ်ရပ်တွေကို သင်ခန်းစာယူပြီး အခုတစ်ကြိမ်မှာ အဲ့ဒီလှည့်ကွက်ထဲ မဝင်မိစေဖို့ သက်ဆိုင်ရာအင်အားစုတွေကို တိုက်တွန်းထားပါတယ်။
စစ်အုပ်စုဟာ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူဖို့နဲ့ ရခိုင်က လူမျိုးစုတွေအကြား ယုံကြည်မှုပျက်ပြားပြီး လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေကို ဖြစ်ပွားလာအောင် အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အချို့ဒေသတွေမှာ လူနည်းစုဘာသာဝင်တွေရဲ့ ဝတ်ကျောင်းဆောင်တွေ၊ လူနေအဆောက်အအုံတွေကို ဖျက်ဆီးကြဖို့ စစ်ကောင်စီလက်ကိုင်ဒုတ်တွေကို လှုံ့ဆော်တာတွေ လုပ်နေတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် အကြမ်းဖက်စစ်အုပ်စုက သူတို့အာဏာတည်မြဲဖို့အတွက် နည်းမျိုးစုံသုံး ဆောင်ရွက်လာတဲ့ အဖျက်အမှောင့်လုပ်ရပ်တွေကို အမြော်အမြင်ကြီးစွာ သတိထားနိုင်ဖို့ NUG က အသိပေးထားပါတယ်။
စစ်အုပ်စုဟာ ရခိုင်မှာ ရိုဟင်ဂျာတွေကို အဓမ္မစစ်သားစုဆောင်းတာတွေ ပြုလုပ်ဖို့ ကြံစည်နေကာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ပြည်သူ့ရန်သူတွေအနေနဲ့ သတ်မှတ်အရေးယူသွားမယ်လို့ သိရပါတယ်။