မတ်လ (၅)ရက်။
ကလေးမြို့မှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက မတ်လ (၂)ရက်နေ့မှာ တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၂)စစ်ဒေသရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ စစ်ကောင်စီ(တပ်စိစစ်ဆဲ)၊ ပျူစောထီး အင်အား (၃၀)ခန့်နဲ့ ခမရ(၇၀၃)၊ ပျူစောထီး ပူးပေါင်းအင်အား (၆၀)ခန့်တို့ ပူးပေါင်းထားတာလို့ ဆိုပါတယ်။
အဲ့ဒီစစ်ကြောင်း (၂)ခုပေါင်းထားတဲ့ အင်အား (၉၀)ခန့်ပါ ပူးပေါင်းစစ်ကြောင်းကို ထိုမာရွာနဲ့ သာယာကုန်းရွာအကြား ဆပ်သချောက်မှာ ထိုမာရွာဘက်က ထွက်လာချိန် တိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းဘက်က (၈)ဦးသေဆုံးပြီး (၂၀)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီထံက MA ကျည် (၄၉၀၀)တောင့်၊ G-3 ကျည်(၁၀၁)တောင့်၊ လက်ပစ်ဗုံး (၃)လုံး၊ ၄၀မမ (၃၃)လုံး၊ ၆၀မမ (၄)လုံး၊ အီနာဂါ (၁)လုံး၊ RPG-7 (၄လုံး)၊ RPG ပို့ယမ်း (၄)ထုတ်၊ MA ကျည်ဘောက်(၉)ခု၊ ကျည်ကာပြား (၂)ပြား၊ လက်ကိုင်ဖုန်း (၄)လုံး၊ ဓါတ်မီး (၅)လက်နဲ့ ငွေကျပ် (၆၄၀၀၀)ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောဆိုထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို ကလေးခရိုင်တပ်ရင်း (၂၊ ၄။ ၅)၊ Vakok PDF၊ CDF-KKG၊ RKDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
ကလေးမြို့ပတ်ဝန်းကျင်နဲ့ မြို့ထဲကို စစ်ရေးအရှိန်မြှင့်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေ မြို့ထဲကနေ ထွက်ခွာဖို့နဲ့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။