မတ်လ (၆)ရက်။
အညာဒေသအခြေပြု ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)နဲ့ MOD တို့ တော်လှန်ရေးဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
MOD ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ဦးဆောင်တဲ့ တာဝန်ရှိသူတွေနဲ့ BLDF တာဝန်ရှိသူတွေဟာ လွတ်မြောက်နယ်မြေ တစ်နေရာမှာ တွေ့ဆုံခဲ့ပြီး အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ ဆိုပါတယ်။
BLDF ဟာ ဖက်ဒရယ်ပဋိညာဉ်(FDC)အရ NUG ကို ကြားကာလတော်လှန်ရေးအစိုးရအနေနဲ့ အသိအမှတ်ပြု လက်ခံထားပြီး ပအဖ၊ ပကဖ နဲ့ ပလဖ တို့နဲ့ တော်လှန်ရေးဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းသွားမယ်လို့ ဖော်ပြထားပါတယ်။
NUG က ချမှတ်ထားတဲ့ စစ်သည်တော်ကျင့်ဝတ်တွေ(Code of Condust)ကို တင်းကြပ်စွာ လိုက်နာသွားမှာဖြစ်ပြီး အရပ်သားအစိုးရရဲ့ ဩဇာကို အပြည့်အဝ ခံယူ ဆောင်ရွက်သွားမယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် BLDF အနေနဲ့ တော်လှန်ရေးအောင်မြင်စေဖို့ MOD ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ လိုက်နာသွားမယ့်အပြင် တခုထဲသော မဟာဗျူဟာ၊ တခုထဲသော ကွပ်ကဲမှုအောက်မှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို MOD ရဲ့ တစ်စုံလုံးဆိုင်ရာ စစ်ရေးစီမံချက်တွေနဲ့အညီ လိုက်ပါဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။
NUG၊ MOD အနေနဲ့ BLDF ကို တော်လှန်ရေးအင်အားစုတစ်ခုအနေနဲ့ လက်ခံအသိအမှတ်ပြုပြီး လိုအပ်တဲ့ ထောက်ပံ့ကူညီတာနဲ့ ညှိနှိုင်းကွပ်ကဲတာတွေ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
BLDF ဟာ EROs တွေဆီကနေ အခြေခံစစ်ပညာကို သင်ယူလေ့ကျင့်ခဲ့တဲ့ လူငယ်ရဲဘော်တွေ၊ ဗကသများအဖွဲ့ချုပ်(မုံရွာခရိုင်)နဲ့ တကသများကွန်ရက်(မုံရွာ)တို့က ကျောင်းသားရဲဘော်တွေနဲ့ စုစည်းဖွဲ့စည်းထားတဲ့ တော်လှန်ရေးတပ်ဖြစ်တယ်လို့ သိရပါတယ်။