မတ်လ (၇)ရက်။
ကချင်ပြည်နယ်၊ လိုင်ဇာဒေသက စစ်ကောင်စီတပ်စခန်း (၄)ခုကို KIA က ဒီကနေ့ နံနက်ပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ကချင်စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။
“ ဒီကနေ့ နံနက် (၆)နာရီကစပြီး လိုင်ဇာဘက်က ရန်သူ့တပ်စခန်း (၄)နေရာကို တစ်ပြိုင်ထဲ KIA က ထိုးစစ်ဆင်နေတာ။ အဲ့ဒီအတွက်လဲ ပြင်ဆင်နေတာကြာပြီ” လို့ စစ်ရေးသတင်းအရင်းအမြစ်က ဆိုထားပါတယ်။
အခုလို KIA က ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေဟာ ခလရ(၃၂၁)တပ်စခန်း၊ ရှဒန်ပါစခန်း၊ အင်တပ်ဘွမ်စခန်းနဲ့ အင်လုန်ခစခန်းတွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။
လိုင်ဇာဒေသထဲက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်နေတာနဲ့ပတ်သက်ပြီး KIA ဘက်ကတော့ သတင်းထုတ်ပြန်ထားတာမရှိသေးပါ။
ဒါ့ပြင် မိုးမောက်နဲ့ ဝိုင်းမော်မြို့တွေထဲက စစ်ကောင်စီတပ်စခန်းတွေကိုလဲ KIA နဲ့ တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေကာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဆိုပါတယ်။
လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တာဟာ ပထမဆုံးအနေနဲ့ ဆောင်ရွက်လာတာဖြစ်ပြီး အဲ့ဒီစစ်တပ်စခန်းတွေဟာ လိုင်ဇာမြို့နဲ့အနီးတစ်ဝိုက်ကို မကြာခဏ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့စခန်းတွေဖြစ်တယ်လို့ သိရပါတယ်။








