မတ်လ (၇)ရက်။
NUG အနေနဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေရဖို့ ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဒီကနေ့မှာပြုလုပ်တဲ့ ကြားကာလဒေသန္တရအုပ်ချုပ်ရေးကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ နယ်မြေစိုးမိုးထိန်းချုပ်ဖို့ဆိုတာ ဒီတော်လှန်ရေးတစ်စုံလုံးရဲ့ အဓိကအကျဆုံး အပိုင်းဖြစ်တယ်” လို့ သူက ဆိုပါတယ်။
နယ်မြေထိန်းချုပ်နိုင်ပြီး ၁၀၀ရာခိုင်နှုန်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းစင်မှသာ ပြည်သူကို ကောင်းမွန်စွာ ဝန်ဆောင်မှုတွေ ပေးနိုင်မှာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။
ဒါ့ပြင် ထပ်မံထိုးဖောက်တိုက်ခိုက်တာ မခံရအောင် စစ်ဇုန်၊ ကြားခံဇုန်နဲ့ လုံခြုံရေးဇုန် စတာတွေကို ဇုန်အလိုက် ခွဲခြားလုပ်ဆောင်ထားနိုင်မှသာ ဝန်ဆောင်မှုတွေ ဆက်လုပ်နိုင်မယ်လို့ ဆိုပါတယ်။
အဲ့ဒီအတွက် ချမှတ်ခဲ့တဲ့ မူဝါဒတွေကို လိုအပ်သလို ပြန်လည်သုံးသပ်ပြီး ပေါင်းစပ်ညှိနှိုင်းဖို့ခက်ခဲနေတဲ့ မြို့နယ်တွေမှာ ပေါင်းစပ်ညှိနှိုင်းပေးနိုင်ဖို့ လုပ်ငန်းစဉ်တွေကို အားစိုက်လုပ်ဆောင်ရမယ်လို့ အထက်ပါပုဂ္ဂိုလ်က ထည့်သွင်းပြောဆိုထားပါတယ်။
ဒေသန္တအုပ်ချုပ်ရေးယန္တရား ထူထောင်တယ်ဆိုတာက တရားဝင်အစိုးရတစ်ရပ်ဖြစ်တယ်ဆိုတာကို ကမ္ဘာသိအောင် ပြသတာဖြစ်ပြီး အုပ်ချုပ်ရေးယန္တရားထူထောင်နိုင်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန် တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။