မတ်လ (၇) ရက်။
ဒီကနေ့ မတ်လ (၇) ရက်နေ့ လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းစီးလာတဲ့ကား ဝိုင်းမော်မြို့နယ် ခါးရှီကျေးရွာအနီးမှာ KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဦးရွှေမင်း သေဆုံးသွားပြီလို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဦးရွှေမင်းဟာ ရွှေညောင်ပင်ကျေးရွာ ခမရ ၃၂၁ စခန်းမှာ နေထိုင်တာလို့ သိရပြီး ဒီကနေ့ မတ်လ ၇ ရက်နေ့ မနက် ၆ နာရီမှာ မြစ်ကြီးနား– ဗန်းမော်လမ်းတလျှောက် တိုက်ပွဲပြင်းထန်လာတဲ့တွက် မြစ်ကြီးနားဘက်ကို အိမ်စီးကားနဲ့ ထွက်ပြေးသွားခဲ့ရာ ဝိုင်းမော်မြို့မရောက်ခင် ခါးရှီကျေးရွာအဝင်မှာ KIA ဘက်က တိုက်ခိုက်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဦးရွှေမင်းရဲ့ အိမ်စီးကား ပစ်ခံရတဲ့ ရုပ်သံထဲမှာတော့ ဦးရွှေမင်း အပါအဝင် ပြည်သူ့စစ်တပ်ဖွဲ့ဝင် နောက်ထပ် ၂ ဦးလည်း သေဆုံးနေတာကို တွေ့ရပါတယ်။
၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ လီဆူအမျိုးသားတိုးတက်ဖွံ့ဖြိုးရေးပါတီတည်ထောင်ကာ LNDP နဲ့ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဖြစ်ပြီး NLD အစိုးရလက်ထက် လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
အဲဒီနောက် ၂၀၁၆ ခုနှစ်မှာတော့ လီဆူပြည်သူ့စစ်ဖွဲ့စည်းပြီး ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာတော့ ကချင်ပြည်နယ်၊ လီဆူတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဖြစ်တယ်လို့ သိရပါတယ်။