မတ်လ (၁၃)ရက်။
ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေဖြစ်ကြတဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးတာ (၃၆)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ NUG က နှမြောတသ အောက်မေ့သတိရကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။
အခုလို ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးတာ (၃၆)နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ အထိမ်းအမှတ်သဝဏ်လွှာကို NUG ကိုယ်စား ပေးပို့ခွင့်ရတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဆိုပါတယ်။
တိုင်းပြည်အာဏာကို လက်နက်မိုးပြီး အနိုင်ကျင့် လုယူတတ်တဲ့ စစ်အာဏာရှင်တို့ဟာ လွန်ခဲ့တဲ့ (၃၆)နှစ်တာကာလကစပြီး ဒီကနေ့အချိိန်အထိ တိုင်းရင်းသားတွေ၊ ရဟန်းရှင်လူ ကျောင်းသားတွေကို ဖိနှိပ်ညှင်းပန်းသတ်ဖြတ်ပြီး တိုင်းပြည်ကို ဒုက္ခနွံထဲ ဆွဲသွင်းနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလဲ ဒီအခြေအနေဆိုးတွေကနေ အမြန်ဆုံး လွတ်မြောက်ဖို့အတွက် ခေတ်အဆက်ဆက် အားမလျှော့စတမ်း ကြိုးပမ်းခဲ့ကြတယ်လို့ ရေးသားထားပါတယ်။
အခုနွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်အပြီးတိုင် ကျဆုံးစေဖို့၊ ဘယ်လိုအာဏာရှင်မျိုးမှ ပြန်လည်ခေါင်းမထောင်နိုင်စေဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ထောင်နိုင်ဖို့အတွက် NUG က လက်တွဲညီညီ ဆောင်ရွက်သွားမယ်လို့ ကတိပြုပြောဆိုထားပါတယ်။
ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်အပါအဝင် ဒီမိုကရေစီသူရဲကောင်းအပေါင်းနဲ့ စစ်အာဏာရှင်စနစ်လက်အောက်က အမြန်ဆုံးလွတ်မြောက်စေဖို့ အသက်စွန့်ပါဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေရဲ့ ပေးဆပ်တာတွေကို အစဉ်အမြဲ အောက်မေ့သတိရ လေးစားဂုဏ်ယူတယ်လို့ ဆိုထားပါတယ်။
ဒါ့ပြင် ဘုံရည်မှန်းချက်ပန်းတိုင်ကို အလျင်အမြန်ရောက်ရှိစေဖို့အတွက်ကိုလဲ ပိုမိုကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပြီး “ အရေးတော်ပုံ အောင်နေပြီ” လို့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုထားချက်အရ သိရပါတယ်။