မတ်လ (၁၄)ရက်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့ရှိ စစ်ကောင်စီရဲ့ ခမရ(၄၃၇)တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဒီကနေ့ နံနက်(၇)နာရီအချိန်မှာ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းတွေအရ သိရပါတယ်။
မိုးမောက်မြို့၊ နောင်လိုက်ကျေးရွာအနီးက စစ်ကောင်စီရဲ့ ခမရ(၄၃၇)တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက တစ်ပတ်အကြာ တိုက်ခိုက်ပြီးတဲ့နောက် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်ကလဲ တိုက်ပွဲဖြစ်ပွားတဲ့နေရာကို လက်နက်ကြီးတွေ၊ လေကြောင်းတွေနဲ့ တမနက်လုံး လာရောက်ပစ်ခတ်ခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်က ဖော်ပြထားပါတယ်။
အခုအချိန်မှာတော့ သိမ်းပိုက်ရရှိခဲ့တဲ့ တပ်စခန်းကို ရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့အတွက် ထိခိုက်သေဆုံးတာနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရမိတာကို အသေးစိတ်မသိရှိရသေးဘူးလို့ ဆိုထားပါတယ်။
အဲ့ဒီ ခမရ(၄၃၇)တပ်စခန်းဟာ နောင်လိုက်နဲ့ တာပိတ်မြစ်တံတား နှစ်ခုအကြား တစ်မိုင်ခန့်အကွာမှာရှိတဲ့ တပ်စခန်းကြီးတစ်ခုဖြစ်ပြီး စစ်တပ်ရဲ့ ဆယ်စုနှစ်တစ်ခုအကြာ သက်တမ်းရှည်တပ်စခန်းတစ်ခုဖြစ်ပါတယ်။
ဒါ့ပြင် မနေ့က နံနက်(၁၁)နာရီလောက်ကလဲ ဖားကန့်မြို့ရှိ စစ်ကောင်စီရဲ့ သံသုံးတောင်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ဖားကန့်မြို့နယ်ထဲ စခန်း(၄)ခုအထိ သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။