မတ်လ (၁၄)ရက်။
ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ခြေက နမ့်ဟူးကျေးရွာကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ PNLA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
နမ့်ဟူးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးတယ်ဆိုပြီး စစ်ကောင်စီလက်ပါးစေတွေက သတင်းအမှားထုတ်လွှင့်ကာ တော်လှန်ရေးတပ်တွေနဲ့ ပြည်သူအကြား သွေးခွဲနေတယ်လို့ ဆိုပါတယ်။
နမ့်ဟူးကျေးရွာဟာ PNLA တပ်ဖွဲ့ဝင်တွေ တည်ရှိတဲ့နေရာမဟုတ်သလို ပအိုဝ်းဒေသလုံခြုံရေးလှုပ်ရှားမှု စစ်ကောင်းဟာလဲ အဲ့ဒီရွာကို ရောက်ခဲ့တာမရှိဘူးလို့ ဖော်ပြထားပါတယ်။
ပြည်သူတွေရဲ့ နေအိမ်တွေ၊ ရွာတွေ၊ မြို့တွေကို မီးရှို့ဖျက်ဆီးတာ တိုက်ခိုက်တာဟာ စစ်ကောင်စီနဲ့ အပေါင်းအပါတွေသာ ပြုလုပ်တယ်ဆိုတာကို တတိုင်းပြည်လုံးအသိဖြစ်တယ်လို့ ရေးသားထားပါတယ်။
အခုလို စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးတာကြောင့် အိမ်ခြေ (၁၀၀)ခန့်ရှိတဲ့ နမ့်ဟူးရွာဟာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခဲ့ရတယ်လို့ PNLA က ပြောဆိုထားပါတယ်။
ဒါ့ပြင် မတ်လ (၁၂)ရက်နေ့ကလဲ စစ်ကောင်စီဟာ ဆိုက်ခေါင်စံပြကျေးရွာကနေ ဆီဆိုင်မြို့ထဲ လက်နက်ကြီးနဲ့ အကြိမ်(၈၀)ကျော် ပစ်ခတ်ခဲ့တာကြောင့် နေအိမ် (၁၄)လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။