မတ်လ (၁၅)ရက်။
စစ်အုပ်စုလက်အောက်ခံ တပ်မှူးတပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ NUG နဲ့ တော်လှန်ရေးအဖွဲ့တွေထံ အမြန်ဆုံးဆက်သွယ်ဖို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က အသိပေးနှိုးဆော်ထားတယ်လို့ သိရပါတယ်။
“ ကျွန်တော်တို့က စနစ်ကို တိုက်နေတာဖြစ်တယ်။ လူကိုတိုက်နေတာမဟုတ်ဘူး၊ ခင်ဗျားတို့အသက်တွေ ဘဝတွေ အချီးနှီး မဆုံးရှုံးစေလိုသလို ကျွန်တော်တို့ တော်လှန်ရေးရဲဘော်တွေ ပြည်သူတွေရဲ့ အသက်တွေ ဘဝတွေလဲ အကျိုးမဲ့ မဆုံးရှုံးစေလိုဘူး” လို့ ဝန်ကြီးက ဆိုထားပါတယ်။
စစ်မြေပြင်ရောက်မှ သုံ့ပန်းအနေနဲ့ မဖမ်းလိုဘဲ အသက်သာမက၊ ဘဝ၊ ဂုဏ်သိက္ခာတွေကိုလဲ ဒီထက်ပိုပြီး အသိအမှတ်ပြု လေးစားလိုတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် တပ်ရင်းတပ်ဖွဲ့လိုက်ဖြစ်စေ၊ တပ်မ၊ စကခ၊ ဒကစ အလိုက်ဖြစ်စေ၊ စစ်တိုင်းဌာနချုပ်အလိုက်ဖြစ်စေ ပြည်သူ့အစိုးရ NUG နဲ့ တော်လှန်ရေးအဖွဲ့တွေထံ အမြန်ဆုံးဆက်သွယ်ဖို့ ပြောဆိုထားပါတယ်။
ရှမ်းမြောက်နဲ့ ရခိုင်အပါအဝင် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ အထိနာနေတဲ့ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေဟာ တပ်ရင်းအစုအဖွဲ့အလိုက် အများအပြား လက်နက်ချအညံ့ခံလာတာတွေ ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။