မတ်လ (၁၅)ရက်။
ဒီကနေ့ နေ့လယ် (၁)နာရီခွဲအချိန်က ဆီဆိုင်မြို့နယ်၊ ထမ်းယံရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ပေါင်(၅၀၀)ဗုံးနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အခုလို ဘုန်းတော်ကြီးကျောင်းကို ဗုံးကျဲတိုက်ခိုက်တာကြောင့် ကျောင်းကြီးအပါအဝင် ကျောင်းဆောင် (၂)ဆောင် ပျက်စီးခဲ့ပြီး ကိုရင် (၂)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်တာကြောင့် ဘုန်းတော်ကြီးကျောင်းနဲ့ နီးကပ်နေတဲ့ နေအိမ်တွေက ပြတင်းပေါက်တွေနဲ့ တံခါးတွေလဲ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မနေ့ကလဲ ဘုရားပင့်ဆောင်တဲ့ ဒေသခံတွေရဲ့ ယာဉ်တန်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ ရေးသားထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီဟာ ဘာသာရေးအဆောက်အဦးတွေ၊ ဆေးရုံတွေမှာ တပ်စွဲပြီး မြို့ထဲကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ဖျက်ဆီးနေတယ်လို့ PNLA က ပြောဆိုထားပါတယ်။
စစ်ကောင်စီဟာ ပအိုဝ်းဒေသတွေကို နေ့စဉ်နေ့တိုင်း နည်းမျိုးစုံနဲ့ တိုက်ခိုက်ဖျက်ဆီးနေတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။